ငါးပါးသီလ ထပ်မံဆောက်တည်လျှင် ရှစ်ပါးသီလ ပျက်/မပျက်

ဗုဒ္ဓဘာသာဝင်တွေနဲ့ ရှစ်ပါးသီလနဲ့ဟာ မစိမ်းကြပါဘူး …. အခါကြီး ရက်ကြီးတွေမှာ ဥပုသ်သီလ ဆောက်တည်ခြင်းဟာ မွန်မြတ်တဲ့ ကုသိုလ်တစ်ပါးပါပဲ ….။
ဒါ့ကြောင့် ဒီနှစ်သင်္ကြန်တွင်းကာလမှာ ကျွန်မလည်း တတ်နိုင်သလောက် ဥပုသ်သီလ ဆောက်တည်ခဲ့ပါတယ် …. မှတ်မှတ်ရရ အဲဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ပါ ….. နှစ်ဆန်းတစ်ရက်နေ့ ၊ ညနေ (၃)နာရီလောက်မှာ ရပ်ကွက်သူ ရပ်ကွက်သားတွေ စုပြီး ကောင်းမှုပြုတဲ့ စတုဒီသာအတွက် ရေစက်ချတရားနာ သွားပါတယ် … တရားနာက အပြန်မှာ အသိအန်တီတစ်ယောက်က စကားစပြောပါတယ် …. ” ဘုန်းဘုန်းက ငါးပါးသီလတိုင်ပေးနေတာ …. ကိုယ်တွေက ဥပုသ်စောင့်ထားတာဆိုတော့ လိုက်ဆိုလို့ မရဘူး” တဲ့ ….. “ဥပုသ်စောင့်ထားတဲ့ လူတစ်ယောက်က ငါးပါးသီလ ယူလို့ မရဘူးလား” ကျွန်မ သေချာအောင် ထပ်မေးမိပါတယ် …. သူကလည်း သေသေချာချာ ထပ်ဖြေပါတယ် …. “ဟုတ်တယ်” တဲ့ ….။ သူဖြေတဲ့အဖြေ မဟုတ်မှန်း သိပေမယ့် ကျွန်မအနေနဲ့ (စာဖတ်အား နည်းတာကြောင့်) အကျိုးအကြောင်း သေချာအောင် ပြန်မပြောပြတတ်ခဲ့ပါဘူး ….. မဟုတ်သေးဘူးဆိုတဲ့ အတွေးလောက်နဲ့တင် ကျွန်မ ဆွံ့အနေခဲ့ပါတယ် …။

ဒါကြောင့် နောက်တစ်ချိန်မှာ အဲလိုအဖြစ်မျိုး ကြုံလာခဲ့ရင် သေသေချာချာအကျိုးနဲ့အကြောင်းနဲ့ ဖြေရှင်းနိုင်အောင် ဆိုပြီး ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ စာနဲ့ မေးမြန်းလျှောက်ထား ခဲ့ပါတယ် …။

ဆရာတော်ရဲ့ ဖြေကြားချက်ကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ် ….။

 

မင်္ဂလာပါ ဒကာမရေ…ဘုန်းဘုန်းနည်းနည်း အလုပ်များနေတာနဲ့ မေးထားတာလေးတွေကို အခုမှ ပြန်ဖြေနိုင်တော့တယ်။သီလနဲ့ ပတ်သက်ပြီးတော့ သီလပျက်ခြင်း မပျက်ခြင်းဟာ ကျင့်သုံးခြင်း၊ မကျင့်သုံးခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘယ်လောက်ပဲ ယူထားယူထား မကျင့်သုံးရင် ပျက်တာပါပဲ။ အဲဒီလိုပဲ မယူထားပေမယ့် ကျင့်သုံးနေရင် သီလက တည်နေတာပါပဲ။ ရှစ်ပါးသီလဆိုပါစို့ သီလကို ဘုရားရှေ့မှာ သံဃာတော်များရှေ့မှာ လက်တွေ့မယူဖြစ်ပေမယ့် အဲဒီရှစ်ပါးသီလရဲ့ သိက္ခာပုဒ်တွေကို ကိုယ့်အနေနဲ့ လိုက်နာကျင့်သုံးနေရင် ဒါဟာ သီလတည်နေတာပါပဲ။ ဆိုတော့က ယူခြင်းမယူခြင်းထက် ကျင့်ခြင်းမကျင့်ခြင်းက ပိုပြီးအဓိက ကျပါတယ်။ ယူပြီးမထိန်းသိမ်းရင် ဒါဟာသီလပျက်တာပါပဲ။ သီလကိုပျက်ပြီးစေတနာမြောက် ကျူးလွန်မှုတွေ ရှိလာရင် ကံမြောက်ပါတယ်။ ကံမြောက်ရင် အကျိုးပေးပါတယ်။ တစ်ချို့က သီလပဲ ပျက်သွားတယ်၊ စေတနာမြောက် မကျူးလွန်မိတဲ့အတွက် ကံမမြောက်လို့ အကျိုးသက်ရောက်မှု မရှိတဲ့ သဘောတွေလည်း အများကြီး ရှိပါတယ်။

နောက်တစ်ချက် ရှစ်ပါးသီလကို ယူထားပြီး မပျက်သမျှ ကိုယ့်အဓိဋ္ဌာန်အတိုင်း ကိုယ်မကျင့်တဲ့နေ့ဟာ ပျက်သွားတာပါပဲ။ ကျင့်နေသမျှတော့ သီလတည်နေပါတယ်။ ဒီနေ့ပျက်သွားပေမယ့် နောက်နေ့တွေမှာ ပြန်ပြီးကိုယ့်အဓိဋ္ဌာန်လေးနဲ့ ကျင့်သုံးမယ်ဆိုရင်လည်း မယူလည်း သီလကတည်နေမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကျင့်ခြင်း မကျင့်ခြင်းနဲ့ ဆိုင်တာ ဖြစ်ပါတယ်။

 

စန္ဒာသူရိယ ဘလောင်္ဂမောင်နှမတစ်စုရဲ့အလှူ

 

စန္ဒာသူရိယ ဘလောင်္ဂမောင်နှမ တစ်စုရဲ့ အလှူပါ။ စစ်ကိုင်းတိုင်းဒေသကြီး ၊ဆားလင်းကြီးမြို့နယ် ၊ ထနောင်းကုန်းရွာ ပညာပဒေသာလူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာ ကျောင်းမှာ နိုဝင်ဘာလ ၁၁ရက် ၂၀၁၂ ခုနှစ် မှာကျင်းပတဲ့ ပဉ္စမအကြိမ်မြောက် ပလန်းနက်မောင်နှမများ၏ ကထိန်နှင့် ပရဟိတအလှူပွဲကြီးမှာ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ လာရောက်ဖတ်ရှုသူ အပေါင်းကို ကျွန်တော်တို့မောင်နှမတစ်စု နည်းတူ ကြည်နူးပီတိဖြစ်စေရန် တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

ရဟန်း နှင့် သံဃာ ကွာခြားပုံ

ပုဂ္ဂိုလ်တပါးချင်းကို ရဟန်း ဟုခေါ်၍ လေးပါးနှင့် လေးပါးမှ အထက်ကို သံဃာ-ဟု ခေါ်ပါသည်။ သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်၊ အရှင်မဟာကဿပမှစ၍ သာသနာ တလျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှားရှိသော ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည်။

ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟုဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ၊ သံဃဿ ဒေမ-ဟု ဆို၍ လှူလျှင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည်။ ယင်းသို့ သံဃာတော် အားလုံးကို အာရုံပြု၍ လှူရာ၌ ဒုဿီလ၊ အလဇ္ဇီ-ဟူ၍ မရှိတော့ပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား လှူဒါန်း
ပူဇော်တတ်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည်။

Reference and Credit to: http://www.worldofwisdom.asia/2011/11/blog-post_06.html
မူရင်းသတင်း—-News of Myanmar

ဆွမ်းဘောဇဉ်ဆပ်ကပ်လှုဒါန်းရာဝယ်

ရဟန်းဝိနည်းဆိုပေမယ့် လူတို့သိသင့်တယ်ထင်လို့ ဒီဆောင်းပါးလေးကို ကူးယူဖော်ပြလိုက်ပါတယ် ……..

- ရဟန်းက ဆွမ်းခဲဖွယ်ဘောဇဉ်ဘုန်းပေးသုံးဆောင်နေတုန်းမှာ ဒါယကာက ရဟန်းရဲ့ နှစ်ထောင့်တစ်ထွာ အတွင်းကို လာပြီး လောင်းလှုတာကို ရဟုန်းက လက်ကာပြီးဖြစ်စေ၊ လက်ခါပြီးဖြစ်စေ၊ မလိုအပ်တော့ဘူး၊ တော်ပြီလို့ ကိုယ်အမူအယာ၊ နှုတ်အမူအယာတစ်နည်းနည်းနဲ့ပယ်ရှားတားမြစ်လိုက်မိလို့ရှိရင် ပဝါရိတ်သင့်ပါတယ်။ ပဝါရိတ်သင့်တဲ့ ရဟန်းမှာ အာပတ်သင့်ပါတယ်။

ပဝါရိတ်သင့်စေသော အင်္ဂါ (၅)ပါး

အောက်ပါအင်္ဂါ(၅)ပါးနှင့် ပြည့်စုံမှသာလျှင် ပဝါရိတ်သင့်ပါသည် -

(၁) ရဟန်းက ဘောဇဉ် (၅)ပါးအနက် (၁)ပါးပါးကို ဘုန်းပေးနေဆဲ အချိန်ဖြစ်ရမယ်၊

(၂) ရဟန်းဖြစ်စေ၊ သာမဏေဖြစ်စေ၊ လူဖြစ်စေ တစ်ဦးဦးက ဘုန်းပေးသုံးဆောင်နေတဲ့ ရဟန်းထံပါးကို ရှေးရှုဆောင်ယူလာတာ ဖြစ်စေရမယ်၊

(၃) ဆပ်ကပ်လှုဒါန်းဖို့ ဆောင်ယူလာတဲ့ ဝတ္ထုကလည်းပဲ ဘောဇဉ် (၅)ပါး တစ်ပါးပါးဖြစ်ရမယ်၊

(၄) ဆပ်ကပ်လှုဒါန်းလိုတဲ့ပုဂ္ဂိုလ်ဟာ ဘုန်းပေးသုံးဆောင်နေတဲ့ ရဟန်းရဲ့ နှစ်တောင့်တစ်ထွာအတွင်းမှာ ရှိရမယ်၊

(၅) ရဟန်းက ကိုယ်နှင့်ဖြစ်စေ၊ နှုတ်နင့်ဖြစ်စေ တစ်ခုခုနှင့် တားမြစ်ရမယ် ၊ ပယ်မြစ်ရမယ်။

ဘောဇဉ် (၅)ငါး

(၁) ဆန်ကဖြစ်လာတဲ့ ထမင်း

(၂) ဆန်ကို ထောင်းထားတဲ့ မုန့်မှုန့်၊ မုန့်လုံးများ

(၃) ဂျုံမှ လုပ်သော မုန့်

(၄) ငါးဟင်းစသည်

(၅) အသားဟင်းစသည်

ပဝါရိတ်မသင့်စေသောနည်း

(၁) ရဟန်းတစ်ပါးက ဖြစ်စေ၊ လူကဖြစ်စေ ဆပ်ကပ်ဖို့ ဟန်ပြင်နေသော်လည်းပဲ နှစ်တောင့်တစ်ထွာအပြင်မှာ ရှိနေစဉ် တားမြစ်ခြင်း၊

(၂) ဆပ်ကပ်လှုဒါန်းလိုသည့် ပုဂ္ဂိုလ်မှ နှစ်တောင့်တစ်ထွာ(၃ ၄ပေအကွာ)လွတ်လွတ်ကျွတ်ကျွတ်မှ နေပြီး ဆွမ်းအုပ်စသည်ကို မပြီးတော့မှ “ဆွမ်းထည့်တော်မူဦးမလား ဘုရား” လို့ လျှောက်ထားနေစဉ် တားမြစ်ခြင်း၊

(၃) နှစ်တောင့်တစ်ထွာအတွင်းရောက်ပြီ၊ ဒါပေမယ့် လှုဒါန်းမည့် ပုဂ္ဂိုလ်က ဆွမ်းဘောဇဉ်စသည်တို့ကို လက်နဲ့မကိုင်ဘဲ နှုတ်သက်သက်နဲ့ “ဆွမ်းလောင်းပါဦးမယ်ဘုရား” လို့ လျှောက်ထားစဉ် တားမြစ်ခြင်း။

ကျမ်းကိုး >> ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ

(ပဝါရိတ်သင့်တယ်ဆိုတာ ဘာလဲ) ဆောင်းပါး ၊ စာမျက်နှာ ၈၉၊ အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)

သီလရှင်ထံပါးက ဥပုသ်သီလခံယူဆောက်တည်ကောင်းပါသလား

ရဟန်းတော်ထံပါးတွင် ဖြစ်စေ၊ ရဟန်းမိန်းက ဘိက္ခူနီထံပါးမှာ ဖြစ်စေ၊ သီလပေးစွမ်းနိုင်တဲ့ သီလရဲ့ လက္ခဏာတွေကို သိကျွမ်းနားလည်နေတဲ့ လူယောကျာ်း၊ မိန်းမ၊ ဥပါသကာ၊ ဥပါသိကာတို့ထံမှာ သီလခံယူနိုင်ပါတယ်လို့ အဌကထာမှာ ဖွင့်ဆိုထားပါတယ်။
သို့ဖြစ်ပါသောကြောင့် ရဟန်းထံပါးမှာလည်း သီလခံယူဆောက်တည်နိုင်ပါတယ်။ သီလရှင်ထံပါးကနေလည်း သီလခံယူဆောက်တည်နိုင်ပါတယ်။ ဘယ်သူမှလည်း မရှိဘူးဆိုရင်တော့ မိမိဘာသာ ဘုရားစင်ရှေ့မှာ သီလခံယူဆောက်တည်နိုင်ပါတယ်။
(ထေရ၀ါဒဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သည့် လူတို့နှင့်သက်ဆိုင်သော ရဟန်းဝိနည်းများ။ အပိုင်း ၂)

ကောင်းမှု ဆယ်ပါး ၊ မကောင်းမှု ဆယ်ပါး

ပုညကြိယာ ၁၀-ပါး (ကောင်းမှုဆယ်ပါး)

၁။ ဒါန                   -  အလှူပေးခြင်း။

၂။ သီလ                – သီတင်းသီလ ဆောက်တည်ခြင်း။

၃။ ဘာဝနာ            – ကမ္မဌာန်းဘာဝနာကို စီးဖြန်းခြင်း။

၎။ အပစာယန        – မိဘ ဆရာ ရတနာသုံးပါး အား အရိုအသေပူဇော်ခြင်း။

၅။ ဝေယျာဝစ္စ         – မိဘ ဆရာ ရတနာသုံးပါး၏ အမှုကိုပြုခြင်း။

၆။ ပတ္တိဒါန             – မိမိကုသိုလ်ကို သူတပါးအား အမျှပေးဝေခြင်း။

၇။ ပတ္တနုမောဒနာ       -  သူတပါး၏ ကုသိုလ်ကို သာဓု ခေါ်ခြင်း။

၈။ ဓမ္မသ၀န              – တရားတော် နာယူခြင်း။

၉။ ဓမ္မဒေသနာ           - သူတပါးတို့အား တရားဟောပြောခြင်း။

၁၀။ ဓမ္မဒေသနာ         – သူတပါးတို့အား တရားဟောပြောခြင်း။

 

ဒုစရိုက် ၁၀-ပါး (မကောင်းမှုဆယ်ပါး)

၁။ ပါဏာတိပါတာ – သူ၏အသက်ကို သတ်ခြင်း။

၂။ အဒိန္နာဒါနာ     – သူ၏ဥစ္စာကို ခိုးယူခြင်း။

၃။ ကာမေသုမိစ္ဆာစာရာ – သူ၏သားမယားကို မေထုန်မှီဝဲ ကျူးလွန်ခြင်း။

(ဤတ၇ား ၃ပါးကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယကံဟုခေါ်ပါသည်။)

၎။ မုသာဝါစာ      – မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။

၅။ ပိသုဏ၀ါစာ    – သူနှစ်ယောက်အချစ်ကို ပျက်အောင် ဂုံးချောခြင်း။

၆။ ဖရုသ၀ါစာ      – ကြမ်းတမ်းသဖြင့် နားမခံသာသော စကားကို ပြောဆိုခြင်း။

၇။ သမ္ပပ္ပလာပ၀ါစာ – နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း။

(ဤတ၇ား ၄ပါးကို နှုတ်ဖြင့်ပြောဆိုပြုကျင့် သောကြောင့် ၀စီကံဟုခေါ်ပါသည်။)

၈။ အဘိဇ္ဈာ       – သူတပါး စည်းစိမ်ကို ငါ့စည်းစိမ်ဖြစ်ပါစေတော့ဟု ကြံခြင်း။

၉။ ဗျာပါဒ         – သူတပါး ပျက်စီးစေလိုသော ဒေါသရှိခြင်း။

၁၀။ မိစ္ဆာဒိဌိ      – မှားသောအယူကို ယူခြင်း။

(ဤတ၇ား ၃ပါးကို စိတ်ဖြင့် အောက်မေ့ပြုကျင့်ခြင်းကြောင့် မနောကံဟုခေါ်ပါသည်။)

ဥပေက္ခာ- (လျစ်လျူရှုခြင်း)

အဘယ်သို့လျှင် ရဟန်းသည် လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေသနည်း။

ဥပမာအားဖြင့် နှလုံးကို ပွါးစေတတ်သည်လည်း မဟုတ်၊ နှလုံးကို မပွါးစေတတ် သည်လည်း မဟုတ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လျှင် လျစ်လျူရှုခြင်း {ဥပေ က္ခာ} ဖြစ်သကဲ့သို့ ထို့အတူ သတ္တ၀ါအားလုံးတို့ကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဖြင့် ပျံ့နှံ့စေ၏။
ထိုတွင် အဘယ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} မည်သနည်း ?

သတ္တ၀ါတို့၌ အကြင် လျစ်လျူရှုခြင်း {ဥပေက္ခာ}၊
လျစ်လျူရှုသော အခြင်းအရာ {ဥပေက္ခာယနာ}၊
လျစ်လျူရှုတတ်သည်၏အဖြစ် {ဥပေက္ခာယိတတ္တ}၊
ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {{ဥပေက္ခာစေတောဝိမုတ္တိ}} သည် ရှိ၏။
ဤသဘောကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊
သိမှု သဘော {မန}၊
သိခြင်းသဘော {မာနသ}၊
အတွင်း၌ ဖြစ်သောသဘော {ဟဒယ}၊
ဖြူစင်သောသဘော {ပဏ္ဍရ}၊
သိမှု ဖြစ်ရာဌာန {မနာယတန}၊
အစိုးတရ သိမှု {မနိနြေ္ဒ}၊
အထူးသိမှု {၀ိညာဏ}၊
အထူးသိမှု အစု {၀ိညာဏက္ခန္ဓာ}၊
ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်}။
ဤသဘောကို စိတ်ဟု ဆိုအပ်၏။
ဤစိတ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏၊
ထို့ကြောင့် {{လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{တစ်ခုသော အရပ်မျက်နှာကို}} ဟူသည်ကား …
အရှေ့အရပ်မျက်နှာ၊
အနောက်အရပ်မျက်နှာ၊
မြောက်အရပ်မျက်နှာ၊
တောင်အရပ်မျက်နှာ၊
အထက်အရပ်မျက်နှာ၊
အောက်အရပ်မျက်နှာ၊
ဖီလာအရပ်မျက်နှာ၊
အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏)။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
{{နေ၏}} ဟူသည်ကား။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

{{ထို့အတူ နျစ်ခုမြောက်သော အရပ်ကို}} ဟူသည်ကား တစ်ခုသော အရပ် မျက်နှာကိုကဲ့သို့ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ သုံးခု မြောက်သော အရပ်မျက်နှာကို၊ ထို့အတူ လေးခုမြောက်သော အရပ်မျက်နှာကို၊ ထို့အတူ အထက်အရပ်မျက်နှာကို၊ ထို့အတူ အောက်အရပ်မျက်နှာကို၊ ထို့အတူ ဖီလာအရပ်မျက်နှာကို၊ ထို့အတူ အထောင့်အရပ်မျက်နှာကို (ဟု ဆိုအပ်၏။)

{{အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါအားလုံးပါဝင်သော သတ္တလောကကို}} ဟူသော ဤစကားသည် အလုံးစုံ အားဖြင့် သတ္တ၀ါအားလုံးကို အလုံးစုံသော အခြင်းအရာအားဖြင့် သတ္တ၀ါအားလုံး ကို အကြွင်းမရှိအောင်၊ အကျန်မရှိအောင် သိမ်းကျုံး၍ဆိုသော စကားတည်း။ ထို့ကြောင့် {{အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူ
ပြု၍ သတ္တ၀ါအားလုံး ပါဝင်သော သတ္တလောကကို}} ဟု ဆိုအပ်၏။

{{လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်}} ဟူရာ၌ အဘယ်သည် လျစ်လျူရှုခြင်း {ဥပေက္ခာ} မည်သနည်း။
သတ္တ၀ါတို့၌ အကြင် လျစ်လျူရှုခြင်း {ဥပေက္ခာ}၊
လျစ်လျူရှုသော အခြင်းအရာ {ဥပေက္ခာယနာ}၊
လျစ်လျူရှုတတ်သည်၏ အဖြစ် {ဥပေက္ခာယိတတ္တ}၊
ဥပေက္ခာဟူသော၊ စိတ်၏ ဆန့်ကျင်ဘက် တရားတို့မှ
လွတ်မြောက်ကြောင်းသဘော {ဥပေက္ခာစေတောဝိမုတ္တိ} သည် ရှိ၏။
ဤသဘောကို လျစ်လျူရှုခြင်း {ဥပေက္ခာ} ဟု ဆိုအပ်၏။

ထိုတွင် အဘယ်သည် {{စိတ်}} မည်သနည်း ?

အကြင် ဆန်းကြယ်မှု {စိတ္တ}၊ သိခြင်းသဘော {မန}၊ သိမှု သဘော {မာနသ}။ပ။ ထိုစိတ် အားလျော်သော အထူးသိမှု သဘော {တဇ္ဇာမနောဝိညာဏဓာတ်} သည် ရှိ၏။ ဤသဘောကို စိတ်ဟု ဆိုအပ်၏။

ဤစိတ်သည် ဤလျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့်တကွ အဖြစ်သို့ ရောက်၏၊
တကွဖြစ်၏၊ နှီးနှော၏၊ ယှဉ်၏။
ထို့ကြောင့် {{လျစ်လျူရှုခြင်း ]ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်}} ဟု ဆိုအပ်၏။

{{ပြန့်ပြောသော}} ဟူရာ၌ ပြန့်ပြောခြင်းဟူသည် များမြတ်ခြင်းတည်း၊
များမြတ်ခြင်းဟူသည် အပိုင်းအခြား မရှိခြင်းတည်း၊
အပိုင်းအခြား မရှိခြင်းဟူသည် ရန်မရှိခြင်းတည်း၊
ရန်မရှိခြင်းဟူသည် ကြောင့်ကြ မရှိခြင်းတည်း။

{{ပျံ့နှံ့စေ၍}} ဟူသည်ကား ဥပေက္ခာစိတ်ကို ဖြန့်၍၊ ဥပေက္ခာစိတ်ကို လွှတ်၍။
{{နေ၏}} ဟူသည်ကား။ပ။ ထို့ကြောင့် {{နေ၏}} ဟု ဆိုအပ်၏။

သုတ္တန္တဘာဇနီယနည်း(အကျယ်)၊ အပ္ပမညာဝိဘင်္ဂင်္င်္၊ ၀ိဘင်းပါဠိတော်။

Follow

Get every new post delivered to your Inbox.

%d bloggers like this: