အမျိုးသမီး ထမီမှ ရဟန်းနေရာထိုင်အခင်းဖြစ်ကောင်းပါသလား

ဦးဇင်း MA     ။    ။ အမျိုးသမီးထမီဆိုတော့ ရဟန်းအနေနှင့် သုံးကောင်းပါ့မလား ဘုရား။
ဦးဇင်း             ။    ။ ဒကာမရဲ့ ထမီမဟုတ်တော့ဘူးလေ။ ပိုင်ရှင်ကွယ်လွန်သွားပြီပဲ။ သူ ပိုင်ဆိုင်တာမှ မဟုတ်တော့တာ။
ဦးဇင်း MA     ။    ။ ပိုင်ရှင်ဒကာမကြီး ကွယ်လွန်သွားရင်တော့ ရဟန်းက သုံးကောင်းတာလား ဘုရား။
ဦးဇင်း             ။    ။ ကွယ်လွန်မှ မဟုတ်ပါဘူး ဦးဇင်း၊ မကွယ်လွန်ခင်လည်းပဲ သူပိုင်ထမီကို သင်္ကန်းအလို့ငှါ လှူဒါန်းလာလို့ရှိရင် ဝိနည်းနဲ့ ညီညွတ်အောင် ချုပ်ပြီး သုံးကောင်းတာပါပဲ။
ဦးဇင်း MA    ။    ။ ဒါဆိုရင် အမျိုးသမီးရဲ့ အသုံးအဆောင်တွေကို ရဟန်းက ကိုင်တွယ်လို့ရှိရင် အာပတ်သင့်တယ်ဆိုတာ ရှိတယ်မဟုတ်လား ဘုရား။
ဦးဇင်း            ။    ။ မှန်ပါတယ်။ အာပတ်သင့်တယ်ဆိုတာ ရှိပါတယ်။ အဲဒါက သူပိုင် ပစ္စည်းအနေနဲ့ပါ။ ဒါက သူပိုင်အသုံးအဆောင် တန်ဆာ မဟုတ်တော့ဘူးလေ။ ပိုင်ရှင် ကွယ်လွန်သွားလို့ လှူဒါန်းလိုက်တာလေ။ ကျန်ရှိတဲ့ ဒကာ၊ ဒကာမတွေက ရဟန်းကို လှူဒါန်းလိုက်တာပါပဲ။ အမှိုက်ပုံတွေမှာ သုသာန်၊ သင်္ချိုင်းတွေမှာ စွန့်ပစ်ထားတဲ့ ထမီကိုတောင်မှ ပံသကူကောက်ပြီးတော့ သင်္ကန်းချုပ်ပြီး သုံးကောင်းသေးတာပဲ။
ဦးဇင်း MA   ။    ။ ဒါဆိုရင် ဒီထမီကို နေရာထိုင်ခင်း အခင်းချုပ်ပြီးတော့မှ အလှူခံတဲ့နေရာမှာ လှူဒါန်းတဲ့ အလှူရှင်ရော

အလှူခံသူ ရဟန်းပါ အပြစ်မရှိဘူးနော် ဘုရား။
ဦးဇင်း။    ။ မှန်ပါတယ်၊ ဘယ်သူမှ အပြစ်မရှိပါဘူး ဦးဇင်း။
ဦးဇင်း MA။    ။ ဒါဆိုလို့ရှိရင် အချို့ ဒါယိကာမတွေက ထမီကို ခေါင်းအုံးဖုံးတွေ၊ ခန်းဆီးတွေ၊ အိပ်ရာခင်းတွေအဖြစ် လှူဒါန်းတာလည်းပဲ လှူဒါန်းကောင်းတာပေါ့နော် ဘုရား။
ဦးဇင်း        ။    ။ လှူကောင်းပါတယ်။ ဘာမှ အပြစ်မဖြစ်ပါဘူး။ အမျိုးသမီးအသုံးအဆောင်အနေနဲ့သာလျှင် ရဟန်းက မထိကောင်း မကိုင်ကောင်းတာပါ။ အဲဒီလို ထိလို့ ကိုင်လို့ရှိရင် ဒုက္ကဋ်အာပတ်သင့်တယ်လေ မေ့သွားပြီလား။
ဦးဇင်း MA။    ။ မမေ့ပါဘူး ဘုရား၊ ဒါပေမယ့် ဇဝေဇဝါ ဖြစ်သွားလို့ပါ။
ဦးဇင်း။    ။ ကောင်းပြီ၊ ကောင်းပြီ၊ ဝိနည်းအရာမှာ ဇဝေဇဝါက မကောင်းပါဘူး။ ရှင်းရှင်းလင်းလင်း၊ သေသေချာချာ သဘောပေါက်တာပဲ ကောင်းပါတယ် ဘုရား။

ကျမ်းကိုး။    ။  ထေရဝါရ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သည့် လူတို့နှင့် သက်ဆိုင်သော ရဟန်းဝိနည်းများ (အပိုင်း – ၁) ၊ အရှင်ခေမာနန္ဒ (ရန်ကင်းတောရ)

Advertisements

မီး (၁၁) ပါး

သတ္တ၀ါတို့ကို လောာင်ကျွမ်းပျက်စီး ဆင်းရဲစေတတ်သော တရား (၁၁) ပါး

(၁) ရာဂမီး (လောဘမီး) – တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
(၂) ဒေါသမီး – အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
(၃) မောဟမီး – အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။
(၄) ဇာတိမီး – ပဋိသန္ဓေနေရမှု၊ ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
(၅) ဇရာမီး – အိုမင်းရသဖြင့် ပူလောင်ခြင်း။
(၆) မရဏမီး – သေပျက်ရသဖြင့် ပူလောင်ခြင်း။
(၇) သောကမီး – စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
(၈) ပရိဒေ၀မီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။
(၉) ဒုက္ခမီး – ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
(၁၀) ဒေါမနဿမီး – စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
(၁၁) ဥပါယာသမီး – ပြင်းစွာပူပန်မှု၊ ဆို့တက်မေ့မြောသွားမှုများ ဖြစ်သဖြင့် ပူလောင်ခြင်း။

%d bloggers like this: