မြတ်စွာဘုရားရှင်တို့၏အသက်ကို တစ်စုံတစ်ယောက်သောသူသည် ဘေးအန္တ-ရာယ် မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ သဗ္ဗညုတဉာဏ်တော်ကို တစ်စုံတစ်ယောက်သောသူ သည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့အတွက် ရည်မှန်းထားသော ပစ္စည်းလေးပါးကို တစ်စုံတစ် ယောက်သောသူသည် ဘေးအန္တရာယ်မပြုနိုင်။
မြတ်စွာဘုရားရှင်တို့၏ ရှစ်ဆယ်သောလက္ခဏာတော် တစ်လံမျှလောက်သော ရောင်ခြည်တော်ကို တစ်စုံ တစ်ယောက်သောသူသည် ဘေးအန္တရာယ် မပြုနိုင်။
ဤလေးပါးကို တစ်စုံတစ်ယောက်သောသူသည် အန္တရာယ်ပြုခြင်းငှာမတတ်နိုင်၊ ထို့အတူ အကျွန်ုပ်အား ဖြစ်ပါစေ။
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီး သောအဖို့၌၊ အဆီးအတားမရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နောင်လာလတ္တံ့သော အနာဂတ်အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော်သည်ဖြစ်၏။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ပစ္စုပ္ပန် မျက်မှောက်ဖြစ်သော အဖို့၌၊ အဆီးအတား အပိတ်အပင်မရှိသော ဉာဏ်တော် သည်ဖြစ်၏။
ကျေးဇူးတရားသုံးပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အလုံးစုံသော ကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့အစဉ်လိုက် သည်။ အလုံးစုံသော နှုတ်ဖြင့်ပြု အပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည် ဉာဏ်တော်၏နောက်သို့အစဉ်လိုက်သည်။ အလုံးစုံသော (မနော) စိတ်ဖြင့်ပြုအပ်သောအမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်းရှိသည် ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည်။
ကျေးဇူးတရားခြောက်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သတ္တဝါတို့၏ အကျိုးစီးပွားကိုပြု လိုသော ဆန္ဒသည်ဆုတ်ယုတ်ခြင်းမရှိ။ တရားတော်ကို ဟောပြောရာ၌ ဆုတ်ယုတ်ခြင်းမရှိ။ သူတစ်ပါးတို့၏ အကျိုးစီးပွားကို ဆောင်ရွက်ရာ၌ လုံ့လဝီရိယသည် ဆုတ်ယုတ်ခြင်းမရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာသုံးပါးဖြင့် ရှုမှု ဝိပဿနာဉာဏ်သည် ဆုတ်ယုတ်ခြင်းမရှိ။ စိတ်တည် ကြည်ခြင်း သမာဓိသည် ဆုတ်ယုတ်ခြင်းမရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော်မူ ခြင်း၌ ဆုတ်ယုတ်ခြင်းမရှိ။
ကျေးဇူးတရား တစ်ဆယ့်နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းမရှိ။ သတိလွတ်၍ ချွတ်ယွင်းပြုမူပြောဆိုခြင်းမရှိ။ ဉာဏ်တော်ဖြင့် မတွေ့မထိမသိအပ် သော တရားသည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် အဆောတလျင်ပြုမူခြင်း မရှိ။ သူတစ်ပါးအတွက် ကြောင့်ကြမဲ့သောစိတ်သည်မရှိ။ ဉာဏ်တော်ဖြင့် မဆင်မခြင် လျစ်လျူရှုသော အမှုသည်မရှိ။
ဤကျေးဇူးတရား တစ်ဆယ့်ရှစ်ပါးတို့နှင့် ပြည့်စုံတော်မူသော၊ ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား၊ ရှိခိုးပါ၏။ ဝိပဿီ, သိခီ, ဝေဿဘူ, ကကုသန္ဓ, ကောဏာဂမဏ, ကဿပ, ဂေါတမ, ခုနှစ်ဆူသော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။
ဝိပဿီအစရှိသော ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော မြတ်စွာ ဘုရားသည် ကိုယ်ဖြင့်ပြုအပ်သော ”ကာယဒုစရိုက်မှု”သည် မရှိ။ နှုတ်ဖြင့်ပြု အပ်သော ”ဝစီဒုစရိုက်မှု”သည် မရှိ။ စိတ်ဖြင့်ပြုအပ်သော ”မနောဒုစရိုက်မှု” သည် မရှိ။ လွန်လေပြီးသော ကာလ၌ မြတ်စွာဘုရားရှင်အား ဆီးတားပိတ်ပင် သောဉာဏ်သည်မရှိ။ နောင်လာလတ္တံ့သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မျက်မှောက်သောကာလ၌ မြတ်စွာ ဘုရားရှင်အား ဆီးတားပိတ်ပင်သော ဉာဏ်သည်မရှိ။ မြတ်စွာဘုရားအား အလုံးစုံကိုယ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့ သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံနှုတ်ဖြင့် ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည် မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ မြတ်စွာဘုရားအား အလုံးစုံစိတ်ဖြင့်ပြုအပ်သော အမှုသည် ဉာဏ်တော်ရှေ့သွားမရှိခြင်းသည်မရှိ၊ ဉာဏ်တော်သို့ အစဉ်မလိုက် ခြင်းသည် မရှိ။
ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် နှိုင်းယှဉ်ရာ တူမျှရာမရှိ၊ ခပ်သိမ်းသောသတ္တဝါတို့၏ မှီခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်း ရာလည်းဖြစ်၏။ သံသရာဘေးကို ကြောက်တတ်သောသူတို့အတွက် အလွန် မြတ်သော အရံအတားဖြစ်၏၊ ကြီးသောတန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတား ဖြစ်၏။
ချစ်သားအာနန္ဒာ ဤသို့တန်ခိုးတေဇော် အာနုဘော်ကြီးမြတ်သော ဓာရဏ ပရိတ်တော်ကို ရွတ်ဆောင်လော့၊ မှတ်သားလော့၊ မေးမြန်းစူးစမ်းဆင်ခြင်လော့။
ထိုသို့ မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သူ၏ကိုယ်၌ မြွေစသည်တို့၏အဆိပ် သည် မကျရောက်ရာ၊ ရေ၌ မနစ်မွန်းရာ၊ မီးသည်မလောင်ကျွမ်းရာ၊ အထူးထူးသော ဘေးရန်တို့သည် မကျရောက်ရာ၊ တစ်စုံတစ်ယောက်သောသူ သည် တစ်ရက်, နှစ်ရက်, သုံးရက်, လေးရက် မကောင်းမကြံနိုင်ရာ၊ ရူးသွပ်ပျံ့ လွင့်သော စိတ်ဝေဒနာလည်း မဖြစ်နိုင်ရာ၊ တွေဝေမိုက်မဲသော အနာလည်း မဖြစ်နိုင်ရာ၊ ဘီလူးတို့သည်လည်း မညှဉ်းဆဲမဖျက်ဆီး မနှိပ်စက်နိုင်ရာ။
ထိုဓာရဏပရိတ်တော်သည် အဘယ်နည်းဟူမူ၊ စကြဝဠာ ကမ္ဘာတစ်သောင်းကို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ ဘေးရန်အပေါင်း တို့ကို လောင်ကျွမ်းပယ်ဖြောက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ်, သိကြား, နဂါး, ဂဠုန်, ကုမ္ဘဏ်, ဘီလူး, ရက္ခိုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ ရေ, မီး, မင်း, ခိုးသူ, မချစ်မနှစ်လိုသောသူဟု ဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းကိုလည်း ဖယ်ရှားတားမြစ်နိုင် ၏။ ရောဂါဘေး, လက်နက်ဘေး, အစာငတ်မွတ်သည့် ဘေးဟုဆိုအပ်သော ကပ်သုံးပါးမှလည်း ကင်းလွတ် စေနိုင်၏။ အမိဝမ်းတွင်း၌ ပဋိသန္ဓေနေသော်လည်း ဆွံ့, အ, နားပင်း, ရူးသွပ်ခြင်း အနာရောဂါ ဘေးမှလွတ် စေနိုင်၏။ သစ်ပင်, တောင်, ခြောက်ကမ်းပါးမှ ကျရောက်သော်လည်း ဘေး မဖြစ်နိုင်။ မရသေးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာကိုလည်း ရစေနိုင်သည်။ ရရှိပြီးသော စည်းစိမ်ချမ်းသာကိုလည်း ကြီးကျယ် ပြန့်ပွားစေနိုင်သည်။ ဟုတ်မှန် သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ခုနှစ်ဆယ့်ခုနှစ်ကုဋေ ကုန်သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ ကောင်းသောအ ကျိုးနှင့်ယှဉ်၏၊ မကောင်းသောအကျိုးနှင့်မယှဉ်။ ကောင်းသောတရားအရသာ အနံ့မျိုးကို ဆောင်၏၊ မကောင်းသောတရားအရသာ အနံ့မျိုးကို မဆောင်။ ကောင်းသောစိတ်နှလုံးကိုဆောင်၏၊ မကောင်းသော စိတ်နှလုံးကိုမဆောင်။ သူတော်ကောင်းတို့နှင့်ပေါင်းဖေါ် ယှဉ်တွဲ မှီဝဲရသည်မည်၏၊ သူတော်မဟုတ် သူယုတ်တို့နှင့် မပေါင်းဖေါ်မယှဉ်တွဲ မမှီဝဲရသည် မည်၏။ ကောင်းသောကိုယ် ကိုဖြစ်စေ၏၊ မကောင်းသောကိုယ်ကို မဖြစ်စေရာ။ ကောင်းသောကုသိုလ်အမှုကို ပြုဆောင်ရ၏၊ မကောင်းသောအကုသိုလ်အမှုကို မပြုမဆောင်ရ။ ကောင်းသော အိပ်မက်ကို မြင်မက်ရ၏၊ မကောင်းသော အိပ်မက်ကိုမမြင်မက်ရ။ ကောင်းသော အတိတ်နမိတ်ကို မြင်ရ၏၊ မကောင်းသော အတိတ်နမိတ်ကို မမြင်ရ။
သစ်ပင်တို့ကိုလည်း အကိုင်း, အခက်, အရွက်, အလက်တို့နှင့် ပြည့်စုံစေနိုင်၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပြောက်၍ အလင်းရောက်နိုင်သည်။
ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုဋေကုန် သော ဘုရားရှင်တို့သည် ကောင်းစွာဟောတော်မူအပ်ပြီ။ မကောင်းသဖြင့် ကြံစည်သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။ ဓား, လှံ, လက်နက်, လေး, မြား, မီးပေါက်, အမြောက်အစရှိသော ဘေးတို့သည်လည်း မထိရောက်စေနိုင်။ မန္တန်, မန္တရား, ဂါထာ, အင်းအိုင်တို့သည်လည်း ထက်မြက်နိုင်၏ ရောဂါအန္တရာယ် တို့ကိုလည်း ပယ်ဖျောက်နိုင်၏။ ကြမ်းတမ်းခက်မာသော အနာရောဂါမျိုးတို့ မဖြစ်စေနိုင်။ ကြိုး, ထိတ်, သံခြေကျင်း, ကပ်ဘိ, တွင်းလှောင်, ပင်းသကား, လည်ထောက်ကိုလည်း လွတ်စေနိုင်၏။
ဤမှန်ကန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း ငါ့အားချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဓာရဏပရိတ် မြန်မာပြန်ပြီး၏။
Filed under: ပရိတ်တော်များ, မှတ်သားဖွယ်ရာများ | Leave a comment »