ခိုင်ခိုင်မြဲမြဲ မင်္ဂလာ

“သင်ဟာ အသိဥာဏ်များလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ် ။ ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာများလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ်။ အရွယ်ကြီးလို့ ဆံပင်များလည်း ဖြူကောင်း ဖြူနေမယ်။ သို့သော် ထိမ်းမြားလက်ထပ်ခြင်း မပြုရသေးသမျှ လူလားမမြောက်သေး” တဲ့။ ပတ်ဝန်းကျင်မှာ သတိထားမိခဲ့တဲ့ ဇနီးမောင်နှံနှစ်မျိုးအကြောင်းကို အရင်ပြောချင်တယ်။

(၁) သဲသဲကွဲကွဲ ဇနီးမောင်နှံနဲ့

(၂) မသဲမကွဲ ဇနီးမောင်နှံတို့အကြောင်းပါ။

သဲသဲကွဲကွဲ ဇနီးမောင်နှံဆိုတာ `မျက်စိအောက်က ပျောက်မှာပင် လွန်စိုးတယ်´ ဆိုတဲ့ စိတ်ကူးယဉ် စကားကို ဘ၀လမ်းညွှန်ထင်ပြီး အဖြစ်သည်းလိုက်နာကြတဲ့ ဇနီးမောင်နှံမျိုးကို ပြောတာ…. အလုပ်သွားတာ၊ ဈေးသွားတာမျိုးကို တောင် စိတ်မချနိုင်တာတို့၊ သူငယ်ချင်း အပေါင်းအသင်း ဟောင်းတွေ့လို့ တရင်းတနှီး နှုတ်ဆက် တာကိုတောင် မနာလို မရှုစိမ့်နိုင်တာတို့ ၊ မကျေမနပ် ပူကြဆူကြတာတို့ လုပ်နေတဲ့ ငြူငြူစူစူ အူတူတူဆိုတဲ့ စုံတွဲမျိုးပေါ့၊`စိတ်မချနိုင်ဘူး´ ဆိုတာ ဓမ္မဓိဌာန် ကျကျ ကောက်ချက်ချကြည့်ရင် အချင်းချင်း ယုံကြည်မှုမရှိတဲ့ သဘောပါပဲ။ နောက်ဆက်တွဲအနေနဲ့ ဒေါသ ကိလေသာ စိတ်ရိုင်း စိတ်ပူတွေ တသီကြီး ဖြစ်တတ်တာမို့ ဒီလိုစုံတွဲမျိုးဟာ မေတ္တာဗြဟ္မစိုရ်တရား ကင်းမဲ့တဲ့ ကိလေသာ စိတ်သက်သက်နဲ့ စုံတွဲမျိုးလို့ပဲ ဆိုရမှာပါ၊ ကိလေသာဆိုတဲ့သဘောက ပထမတော့ လိုလားတောင့်တမျှော်လင့်တယ်၊ မျှော်လင့်သလို ဖြစ်မလာတော့ ဒေါသတွေ၊ သောကတွေ၊ မနာလိုဝန်တိုတွေ ဖြစ်လာရတာ ဓမ္မတာပဲ….ကြာတော့ တဖြည်းဖြည်း စိတ်ဝမ်းတွေ ကွဲလွဲလာရင်း နောက်ဆုံး ဇနီးမောင်နှံ ကွဲကြတဲ့အထိ ရောက်ကြကုန်ရော၊ မျှော်လင့်ချက် တစ်ခုတည်းနဲ့ လက်တွဲသူ မှန်သမျှ ဒီလိုပဲ၊ အစမှာတော့ သည်းကြတယ်၊ နောက်တော့ ကွဲကြတာပဲ၊ မြတ်စွာဘုရား ဟောကြားတာက `မေတ္တာသိနေဟ´ မေတ္တာဆိုတာ ခိုင်မြဲအောင် တွဲကပ်ပေးတဲ့ အစေးဓာတ်တဲ့။ ဒီအစေးဓာတ်မပါရင် ကြာကြာမတွဲနိုင်ဘူး၊ ကွဲတတ်တာပဲ၊ ခု ကာလစကားနဲ့ဆိုရင် ဒီလိုစုံတွဲမျိုးကို ရွှေရည်စိမ်စုံတွဲ၊ ဆေးဆိုးပန်းရိုက်စုံတွဲ၊ ဒါမှ မဟုတ် `အင်တွဲ´တွေလို့များ ပြောရမလားပဲ။ ထိမ်းမြားလက်ထက် တယ်ဆိုတာ လူလားမြောက်ပါပြီလို့ ကြွေးကြော်ပြီး လောကဓံကို စိန်ခေါ်လိုက်တာဖြစ်လို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်နေဖို့ အချိန်မဟုတ်တော့ဘူးနော်… ဘ၀တစ်သက်တာကို ရည်မှန်းပြီး နှစ်ကိုယ့်တစ်စိတ်နဲ့ အတူလက်တွဲရင်း လောကဓံတိုက်ပွဲကို ရင်ဆိုင်ဖို့ ခြေလှမ်းစ ကြတာ… ၀မ်းသမုဒ္ဒရာ မခန်းခြောက်ရအောင် အူသိမ်အူမဆိုတဲ့ မြစ်ချောင်းတွေ မှန်မှန် စီးဆင်းနိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားခြင်းဆိုတဲ့ မိုးလေ၀သမှန်ကန်ဖို့ အဓိကထားရမယ့် အချိန်ရောက်ပြီ ….ဒီလိုခံယူချက်မျိုးရှိကြတဲ့ ဇနီးမောင်နှံဆိုတာ မူလကတည်းက ဘ၀ တစ်သက်တာ အတွက် တူညီတဲ့ ခံယူချက်တွေ၊ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ လက်တွခဲ့ကြတာ ဖြစ်လို့ အဖြစ်မသည်းကြတော့ဘူး …. နားလည်နိုင်စွမ်း ၊ ခွင့်လွှတ်နိုင်စွမ်း ရှိကြတယ်… ဘ၀ တစ်သက်တာအထိ အပြန်အလှန်အကျိုးလိုလားတဲ့ မေတ္တာအစေးဓာတ်နဲ့ တွယ်ကပ်ထားတာ ဖြစ်လို့၊  စိတ်မချတာတို့ မနာလိုဝန်တိုဖြစ်တာတို့ဆိုတဲ့ ကိလေသာ အပူဓာတ်လည်း မပြင်းထန် ကြတော့ဘူး …. တချို့ငယ်ပေါင်း ဇနီးမောင်နှံတွေ ဆိုရင် ပြောသံ ဆိုသံမှာ နင် – ငါ – ဟေ့ – ဟဲ့ ဆိုတဲ့အသံတွေ လွှမ်းနေတတ်ကြလို့ နဘေးက ကြားရသူတွေက ဟုတ်မှ ဟုတ်ပါ့မလားလို့တောင် ထင်ရတယ်။ ဟန်ဆောင်တာ အဖြစ်သည်းတာတွေ မပါတော့ ပြောသံဆိုသံကလည်း မပြစ်ချွဲတော့ ဘူးပေါ့ … သူတို့ အဖြစ်မသည်းတာကို ကြည့်ပြီး အချစ်နည်းတယ်လို့ မထင်လိုက်လေနဲ့။ ယုံကြည်စိတ်ချလို့ အနည်ထိုင်ပြီး အချစ်မြဲသွားကြတာ။ အနည်ထိုင်တယ်ဆိုလို့ အသားသေပြီး အေးစက်မာခဲသွားတယ်လည်း မထင်လေနဲ့၊ မဟုတ်ဘူး၊ ရှင်သန်နေတဲ့ အနှစ်လိုပဲ မာပေမယ့် မခဲဘူး…. အမြဲကြီးထွားနေတာ … ပင်စည်နဲ့ လိုက်ဖက်အောင် အနှစ်က ကြီးထွားနေလိုက်တာ … ဒါကြောင့်လည်း သားသမီးတွေကနေ မြေးတွေမြစ်တွေအထိ အသိုက်အအုံကြီးလာလေလေ သူတို့ မေတ္တာဓာတ်က ကြီးမားကျယ်ပြန့်လာလေ ဖြစ်နေကြတာပေါ့ ….. လူလားမြောက်ပြီးကြတဲ့ ဇနီး မောင်နှံ တို့အနေနဲ့ ရာသက်ပိုင်ခိုင်မြဲရေးမှာ အချင်းချင်း ယုံကြည်စိတ်ချမှုဟာ အဓိကဖြစ်တဲ့အတွက် အချင်းချင်းယုံကြည်လောက်တဲ့ ကိုယ်ကျင့်တရားကို အခိုင်အမာ စောင့်စည်းတည်ဆောက်ကြပြီး ထမ်းဆောင်ရမည့် မင်္ဂလာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ မင်္ဂလာဆောင်သူ စစ်စစ်များဖြစ်အောင် ကြိုးစားကြပါ ….အဲလိုမဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေ မဖြစ်ဘဲ အိမ်ထောင်ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်…. ထောင်ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေ ကျရောက်ရမယ့် လွတ်လပ်ပျော်ရွှင်မှုအားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီး ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပဲ … အိမ်ထောင်ဆိုတာကလည်း  မိသားစုတာဝန်ပျက်ကွက်သူ၊ ကိုယ်ကျင့်တရားချိုးဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျော်ရွှင်မှုတို့  ဆိတ်သုဉ်းရာ နေရာ ကို ခေါ်တာပါ … ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအတိပြီးတဲ့ ပျော်ရွှင်စရာ သီရိဂေဟာကြီး ဖြစ်ကြမှာပါ …. ဒီလို အခိုင်အမာ ယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင်နှံများ ဖြစ်နိုင်ကြပါစေ ….။

ကျမ်းကိုး။     ခိုင်ခိုင်မြဲမြဲ မင်္ဂလာ [ဓမ္မဘေရီ အရှင် ၀ီရိယ (တောင်စွန်း)]

Advertisements

တရားနာခြင်း အကျိုး ၅ မျိုး

ရဟန်းတို့၊ တရားနာခြင်း အကျိုးအာနိသင်တို့သည် ဤ ၅ မျိုးတို့တည်း။

အဘယ် ၅ မျိုးတို့နည်းဟူမူကား –

၁။ မကြားဖူးသည်ကို ကြားနာရ၏။

၂။ ကြားဖူးသည်ကို ဖြူစင်စေ၏။

၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏။

၎။ အယူကို ဖြောင့်မတ်စွာ ပြုနိုင်၏။

၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။

ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤ ၅ မျိုးတို့တည်း ဟု မိန့်တော်မူ၏။

ဓမ္မဿဝနသုတ်၊ ကိမိလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဘုရားရှင် ပေးဆပ်ခဲ့ရတဲ့ ၀ဋ်ကြွေးတော် ဘယ်နှစ်ပါးရှိသလဲ

မည်သူမဆို ကုသိုလ်ပြုက ကုသိုလ်အကျိုး(ကုသလ၀ိပါတ်)ကို ရရှိမည်ဖြစ်ပြီး အကုသိုလ် အမှုကို ပြုပါက အကုသိုလ်၏ အကျိုး(အကုသလ၀ိပါတ်)ကို ခံကြပေလိမ့်မည်။ သံသရာမှ
မလွတ်မချင်း မိဃာကကံ ပာုခေါ်သော ကုသိုလ်၊ အကုသိုလ်ကံ တို.၏ အကျိုးပေးခြင်းကို ခံရပေလိမ့်မည်။
“၀ဋ်မှာအမြဲ ၊ ငရဲမှာအပ” ဆိုသည့်အတိုင်း ၀ဋ်ကြွေးရှိပါက ပြန်လည်ပေးဆပ်ကြရစမြဲပင်။
ဤ၌ လူ ၊ နတ် ၊ ဗြပ္မာာတို.၏ ပတ္တမြားသင်းကျစ် ဖြစ်တော်မူသော ဘုရားရှင်ပင် လျှင် နုစဉ် ကာလ ကျူးလွန်မိသော အကုသိုလ်ကံ၏ အကျိုးဝိပါတ်(၁၂) ပါးကိုပေးဆပ်ခဲ့ရပါသေးသည်။ လူတို.သည် မကောင်းသော ကာယကံမှု ၊ ၀စီကံမှု ၊ မနောကံမှု တို.ကြောင့် သံသာ၌ အနာရောဂါဖြစ်ခြင်း ၊ ဘေးဖြစ်ခြင်း ၊ ဆင်းရဲခြင်းတို.ကို ခံစားကြရသည် ။ မြတ်စွာဘုရားရှင်သည်လည်း အလောင်းတော်ဘ၀က ပြုမှားမိသော အကျိုးကို ခံခဲ့ရသည်။ ဘုရာရှင် ပေးဆပ်ခဲ့ရသော ၀ဋ်ကြွေးတော် (၁၂)ပါးမှာ-
၁ ။ ဒုက္ကရစရိယာအကျင့်ကို ခြောက်နှစ်တိုင် ကျင့်ရခြင်း ၊
၂ ။ စိဉ္ဖမာဏ၀ိကာ၏ မပာုတ်မမှန် စွပ်စွဲမှုကို ခံရခြင်း ၊
၃ ။ သုန္ဒရီပရိဗိုဇ်မ ၏ စွပ်စွဲမှုကို ခံရခြင်း ၊
၎ ။ သုန္ဒရီပရိဗိုဇ်မ သေသောကြောင့် မင်းနှင်တကွ ပြည်သူတို.၏ ယုံမှားသံသယဖြင့် စွပ်စွဲသည်ကို ခံရခြင်း ၊
၅ ။ ဒေ၀ဒတ်က ကျောက်တုံးများဖြင့် လုပ်ကြံသည်ကိုရင်ဆိုင်ရခြင်း ၊
၆ ။ ကျောက်ချပ်ပဲ့ထွက် လွင့်စင်ပြီး ခြေမတော်ကို ထိမိကာ သွေးစိမ်းရှင်ရှင် ထွက်ရခြင်း ၊
၇ ။ ဒေ၀ဒတ်ကြောင့် ခြေမတော် သွေးစိမ်းတည်၍ သမားတော်ကြီး ဇီဝကမှ ဓားဖြင့် ခွဲသည်ကို ခံရခြင်း ၊
၈ ။ နာဠာဂီရိဆင်ဖြင့် တိုက်သည်ကို ခံရခြင်း ၊
၉ ။ ဦးခေါင်းတော်ခဲသည့် ဝေဒနာကို ခံစားရခြင်း
၁၀ ။ ၀ါတွင်းသုံးလလုံးလုံး လွန်စွာမှကြမ်းတမ်းသည့် မုယောဆွမ်းကိုသာ ဘုဉ်းပေးသုံးဆောင်ရခြင်း
၁၁ ။ ကျောကုန်းတော်နာရခြင်း
၁၂ ။ ပရိနိဗ္ဗာန် ပြုခါနီး၌ ၀မ်းတော်လားရခြင်း စသည်တို. ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်….။

မှတ်ချက် ။                  ။မြန်မာသူငယ်ချင်းများအဖွဲ့ မှ စစ်ထက်နိုင် ဘလော့မှ ပြန်လည်ကူးယူတင်ပြပါသည်။

ဘ၀ဟူသည် အကျဉ်းထောင်

 ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊ ဘဝအကျဉ်းသားတွေသာ ဖြစ်၏။ လောဘ၊ ဒေါသ စသောတစ်ထောင့်ငါးရာ ကိလေသာတွေ၏ အမိန့်အာဏာအောက်မှာ မလွတ်မလပ် ကျဉ်းကျပ်စွာ နေနေရသော အကျဉ်းသားတွေသာဖြစ်၏။ မြတ်စွာဘုရားရှင်က “တဏှာဒါသော- သတ္တဝါအားလုံးသည် တဏှာ၏ကျေးကျွန်တွေချည်း သာတည်း”ဟု မိန့်တော်မူ၏။ ကျေးဇူးတော်ရှင် တောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားက “ တဏှာစေရာ မနေသာဖွေရှာဆက်ရမည်” ဟု မိန့်တော်မူ၏။

နံနက်မိုးလင်းက ညနေ နေဝင်မိုးချုပ်သည့်တိုင်အောင် တောင်ကလူက မြောက်သွား၊ မြောက်ကလူကတောင်သွား၊ အရှေ့ကလူက အနောက်သွား၊ အနောက်ကလူက အရှေ့သွား။ ကားနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံ၊ စက်ဘီးနှင့်တစ်မျိုး၊ ခြေကျင်တစ်သွယ်၊ ကိုယ့်ဇောနှင့်ကိုယ် မောရမှန်းမသိ၊ ပန်းရမှန်း မသိ၊ သွားလာလှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြခြင်းသည် မည်သူက စေခိုင်းထားပါသနည်း။ တဏှာကစေခိုင်းထားခြင်း ကြောင့်သာ ဖြစ်၏။ လူ၏ ပင်ကိုယ်သဘောသည် ကောင်းသောသဘောရှိ၏။ ကောင်းသောကုသိုလ်ကြောင့် လူဖြစ်လာရသဖြင့် လူ၏ပင်ကိုယ်ဗီဇသည် ကောင်း၏။ သို့သော် ကိလေသာ၏ လွှမ်းမိုး ချုပ်ချယ်မှု၊ ကြိုးကိုင်ချယ်လှယ်မှု၊ ကိလေသာအလိုကျပုံသွင်းခံရမှုတို့ကြောင့် လူအများစုသည် ပင်ကိုယ်ဗီဇ ပျောက်သွား၏။ ပင်ကိုယ်ဗီဇ ပျောက်သွားသောအခါ လူစိတ် ပျောက်သွား တော့၏။

လူစိတ်နှင့်သာ လူလုပ်ရပါက ကောင်းသောအလုပ်ကိုသာ လုပ်မည်ဖြစ်၏။ သို့သော် လူသည် လူစိတ်အမြဲရှိသည်မဟုတ်။ ကိလေသာ အချုပ်အချယ်အောက်က လွတ်နေသည့် အခိုက်သာ လူစိတ် ဝင်၍ ကိလေသာ အချုပ်ချယ်အောက် ပြန်ရောက်သွားသောအခါ လူစိတ်ပြန်ပျောက်သွား၏။ လူစိတ် ဝင်သောအခါ ကောင်းသောအလုပ်၊ လူ့အလုပ်ကို လုပ်၏။ လူစိတ် ပျောက်နေသော အခါ မကောင်း သောအလုပ်၊ လူ့အလုပ်မဟုတ်သည်ကို လုပ်၏။ တစ်ပါးကျွန်ဘဝ၊ အချုပ်ချယ်ခံဘဝမှာ ကိုယ့်သဘောနှင့်ကိုယ် နေရသည်မဟုတ်။ ကိုယ့်သဘော နှင့်ကိုယ် အိပ်ရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် စားရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် လုပ်ရသည်မဟုတ်။ အရာရာ သခင်အလိုကျ၊ သခင်စိတ်တိုင်းကျသာဖြစ်ရလေ၏။

ဘုရားရှင်၏ နှုတ်ခပတ်တော် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံသည် အကျယ်အားဖြင့် ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် ရှိ၏။ အကျဉ်းအားဖြင့် ဝိမုတ္တိရသ တစ်မျိုးတည်းသာရှိ၏။ ဝိမုတ္တိရသ ဟူသည်ကိလေသာ အချုပ်အချယ်တို့မှ လွတ်မြောက်ခြင်းကို ခေါ်၏။ရဟန္တာပုဂ္ဂိုလ်များ ရဟန္တာဖြစ်သွားသောအခါ “ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိသု” ဟုပါဠိတော်မှာ ဆို၏။ အဓိပ္ပါယ်က ဥပါဒါန်အစွဲ ပြုတ်၍ အာသဝေါတရားတွေမှ စိတ်အစဉ်လွတ်မြောက်သွားပြီဟု ဖြစ်၏။ ရဟန္တာဖြစ်ခြင်းဟူသည် ဘဝအကျဉ်းထောင် က လွတ်မြောက်သွားခြင်းဖြစ်၏။ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ မိမိ စိတ်အစဉ်သည် အာသဝေါတရားတွေက လွတ်မြောက်ဖို့လို၏။ အာသဝေါနှင့် ကိလေသာ အတူတူပင်ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်တရားများပင်ဖြစ်၏။ ကိလေသာ အာသဝေါကင်းဖို့အတွက် အစွဲကင်းဖို့လို၏။ အစွဲ ဟူသည် ဥပါဒါန်ဖြစ်၏။ တဏှာပစ္စယာ ဥပါဒါနာဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရ၏။ တဏှာက တွယ်တာ၏။ သာယာ၏။ တပ်မက်၏။ တဏှာ၏ ထိုသို့ တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှုကြောင့် အစွဲ ဥပါဒါန်ဖြစ်ရ၏။ တဏှာ မည်သူ့ကြောင့် ဖြစ်ရသနည်းမေးလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစား၏။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရ၏။ ဒုက္ခီ သုခံ ဝတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏။ ချမ်းသာ ချင်၏။ ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်ရ၏။ သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏။သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်၏။ ဝေဒနာနိရောဓာ တဏှာနိရောဓော – ဝေဒနာချုပ်မှသာ တဏှာချုပ်မည် ဖြစ်၏။ တဏှာနိရောဓာ ဥပါဒါနာ နိရောဓော – တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်မည်ဖြစ်၏။ စွဲလန်းမှု ဥပါဒါန်တွေချုပ်လျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်မည်ဖြစ်၏။ ကိလေသာအာသဝေါ အချုပ်အချယ်တွေက ကင်းလွတ်ဖို့၊ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ ဝေဒနာချုပ်ဖို့ လို၏။ အာရုံတွေကို မခံစားဖို့ လို၏။ အာရုံတွေ၏ အရသာကို မခံဖို့ လို၏။သုံးဆောင်ခံစား ဆိုသည့်နေရာမှာ သုံးဆောင်တာက တစ်မျိုး၊ ခံစားတာက တစ်မျိုးဖြစ်၏။ စားစရာ၊ဝတ်စရာ၊ နေထိုင်စရာ၊ ဆေးဝါးဓာတ်စာ သုံးဆောင်တာကတော့ သုံးဆောင် ရမည်ဖြစ်၏။ မသုံးဆောင်၍ မဖြစ်။ အရသာကို မခံစားဖို့သာ လို၏။

ထို့ကြောင့် ဘုရားရှင်က ဒိဋ္ဌေ ဒိဋ္ဌမတ္တ – မြင်လျှင် မြင်ကာမျှထား၊ သုတေ သုတမတ္တ – ကြားလျှင် ကြားကာမျှထား၊ မုတေ မုတမတ္တ – မွှေးလျှင် နံလျှင် မွှေးကာမျှ နံကာမျှ၊ စားသောက်လျှင်စားသောက်ကာမျှ၊ ထိတွေ့လျှင် ထိတွေ့ကာမျှထား။ ရှေ့ဆက်မခံစားနှင့်ဟု မိန့်တော်မူ၏။ ထိုသို့ မရှိမဖြစ်၊ မသုံးဆောင်မဖြစ် အာရုံတွေကို သုံးဆောင်သည့်အခိုက် အရသာ မခံစားဘဲနှင့် ရှုမှတ်နိုင်လျှင် ဝေဒနာချုပ်၍ တဏှာပြုတ်မည်ဖြစ်၏။ တဏှာပြုတ်လျှင် အစွဲဥပါဒါန် လည်း ပြုတ်မည်ဖြစ်၏။ အစွဲ ဥပါဒါန်တွေပြုတ်လျှင် ကိလေသာအချုပ်အချယ်တွေ လွတ်မည်ဖြစ်၏။

ကိလေသာအချုပ်အချယ် တွေက လွတ်လျှင် ဘဝအကျဉ်းထောင်ကလည်း လွတ်ပြီဖြစ်၏။

အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)

၂၀၀၆-ခုနှစ်၊ ဖေဖော်ဝါရီလ၊ မြတ်မင်္ဂလာစာစောင်၊

%d bloggers like this: