ဥပုသ်အမျိုးမျိုး

ဥပုသ်သည် အချူပ်အားဖြင့် အရိယာ (မြတ်သော) ဥပုသ် ၊ ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ်ဟု ၂မျိုး ရှိ၏။ ထိုတွင် အရိယာပုသ်သည် ဗြဟ္မ ဥပုသ် ၊ ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိ၏။

၁။ ဗြဟ္မဥပုသ် ။ ။ ဘုရားရှင်သည် “ဗြဟ္မ” မည်တော်မူ၏။ ရှစ်ပါးသီလ ယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်”ဟု ခေါ်၏။ အလွတ်အာရုံ မပြုတက်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ်ကြည့်ရှုနေရာ၏။

၂။ ဓမ္မဥပုသ် ။ ။ ဥပုသ် သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း ၊ တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။

၃။ သံဃာ့ဥပုသ် ။ ။ ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ်တော် တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း ၊ သံဃာ့ဂုဏ်တော်အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “သံဃာ့ဥပုသ်” ဟုခေါ်သည်။

၎။ သီလဥပုသ် ။ ။ သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟု ခေါ်သည်။

မကျိုး = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစသိက္ခာပုဒ်သော် လည်းကောင်း ၊ အဆုံးသိက္ခာပုဒ်သော် လည်းကောင်း ပျက်စီးလျှင် “ဥပုသ်ကျိုး” သည် မည်၏။ ထိုသို့ မပျက်စီးလျှင် ဥပုသ်မကျိုး မပြတ်သည် မည်၏။

မပေါက် = အ၀တ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင် “ပေါက်သည်” ဟု ခေါ်၏။ ထိုသို့ မပျက်လျှင် “မပေါက်” သည်မည်၏။

မပြောက် = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အလယ်၌ တစ်ပါးလည်းမက ၊ အစဉ်အတိုင်း တစ်ဆက်တည်းလည်း မဟုတ်ဘဲ နွား၌ ၀ါစေ့ ပြောက်သကဲ့သို့ အဒိန္တွာဒါန နှင့် မုသာဝါဒ သော်လည်းကောင်း ၊ ဗြဟ္မစရိယ နှင့် သုရာမေရယ သော်လည်းကောင်း ဤသို့ ပြောက်ကျားပြောက်ကျား ပျက်သည်ကို “ပြောက်သည်” ဟု ခေါ်၏။

မကျား = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် ပါဏာတိပါတ နှင့် အဒိန္တွာဒါန ဆက်၍လည်းကောင်း ၊ အဗြဟ္မစရိယနှင့် မုသာဝါဒ ဆက်၍လည်းကောင်း ၊ ဤသို့ နှစ်ပါး သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင်နွားကျားကဲ့သို့ “အကျားထင်သော ဥပုသ်” ဟု ခေါ်၏။

ဤသို့သော နည်းဖြင့် မိမိဥပုသ်၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင် “သီလဥပုသ်” ဟု ခေါ်သည်။

၅။ နတ်ဥပုသ် ။ ။ သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိသန္တာန်၌ရှိသော သဒ္ဓါ သီလ စသော သူတော်ကောင်း တရားများကို အောက်မေ့ ဆင်ခြင်လျက် ကြည်လင် ၀မ်းမြောက်နေခြင်းကို “နတ်ဥပုသ်” ဟု ခေါ်သည်။

ဆင်ခြင်ပုံ ။ ။ “နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိကြသော နတ် ဗြဟ္မာတို့သည် လူ့ပြည်တုန်းက သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပ ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘ၀အသစ်ကူးသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်။ ထိုသူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်း ရှိ၏ ၊ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့် အညီ မိဘဆရာတို့၏ အဆုံးအမကြောင့် ဤသို့ သူတော်ကောင်းဖြစ်ရခြင်းသည် နောင်ရေးနောင်တာ သံသရာအတွက် စိတ်ချဖွယ်ရာ လွန်စွာ လူဖြစ်ရကျိုး နပ်ပါပေစွတကား” ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ၀မ်းမြောက်စွာ ဆင်ခြင်ရာ၏။

ဥပုသ်အကျိုး ။ ။ ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယဥပုသ်မျိုး၏ အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းကို အုပ်စိုးရသော မင်းမိဖုရားအဖြစ်မျိုးထက် ကြီးကျယ် ခမ်းနားသည်ဟု ဟောတော်မူ၏။ မှန်၏။ မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ လူ့စည်းစိမ်မျှသာ ဖြစ်၍ နတ်စည်းစိမ်ကို ထောက်လျှင် အောက်ကျနောက်ကျ သေးနုပ်လှသေး၏။ ထိုစည်းစိမ်လည်း တစ်ဘ၀သာ။ ကျနစွာ စောင့်ထန်းအပ်သော ဥပုသ်၏အကျိုးကား လူမင်း ၊ နတ်မင်း စည်းစိမ် အကြိမ်အများပင်တည်း။ ထို့ကြောင့် ကောင်းမွန်စွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကို “ဇမ္ဗူဒိပ် တစ်ကျွန်းလုံး အုပ်စိုးရခြင်းထက်ပင် သာ၏” ဟု ဟောတော်မူပေသည်။

ကောင်းစွာစောင့်မှ အကျိုးရ ။ ။ ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလကို စောင့်ရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ။ သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ် သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ အကျိုးရ များပါသည်။ဥပမာ – ဦးခေါင်းကို တန်ဆာဆင်လိုသော အမျိုးသမီးသည် ဆံပင်ကို စင်ကြယ်အောင် ခေါင်းလျှော်ရ၏။ ခေါင်းမလျှော်ဘဲ ဖြီးလိမ်းပြင်ဆင်လျှင် အနံ့မကောင်း။ ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏ စိတ်ကို လောဘ (တဏှာရာဂ) ဒေါသ – မာန်မာန -က္ကုသာ – မစ္ဆရိယ စသော ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်အောင် ဗြဟ္မ ဥပုသ်ကို ဖြစ်စေ ၊ ဓမ္မဥပုသ် စသည်တို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှ အကျိုးကို အပြည့်အစုံ ရနိုင်ပါသည်။

အရှင်ဇနကာဘိဝံသ (ရတနာ့ဂုဏ်ရည်) မှ ကောက်နှုတ်ဖော်ပြပါသည်။

Advertisements

ဗုဒ္ဓဘာသာဝင် ဖြစ်ခွင့်

သဗ္ဗညုဘုရားရှင်ကို ဗုဒ္ဓ ဟုခေါ်၏။

ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာ ဟုခေါ်၏။ ထိုဗုဒ္ဓရှင်တော်မြတ်၏ တရားတော်အတိုင်း လိုက်နာ နေထိုင်သူကို ဗုဒ္ဓဘာသာဝင် ဟူ၍ခေါ်၏။ ထိုဗုဒ္ဓဘာသာဝင် ဖြစ်လိုသူ ၊ သို့မဟုတ် ဖြစ်နေသူသည် ဗုဒ္ဓ ၊ ဓမ္မ ၊ သံဃ (ဘုရား ၊ တရား ၊ သံဃာ) ရတနာမြတ်၃ပါး၏ အကြောင်းအရာကို ကောင်းစွာနားလည်ရမည်။ ထိုသို့နားလည်ပြီးနောက် ထိုရတနာ ၃ပါးကို မိမိ ယုံကြည်သလား ၊ မယုံကြည်ဘူးလားဟု စဉ်းစားထိုက်၏။ မယုံကြည်လျှင် ဗုဒ္ဓဘာသာဝင်ပါ ဟု ပြောဆိုနေသော်လည်း ဗုဒ္ဓဘာသာဝင် မဖြစ်နိုင်သေပါ ၊ ယုံကြည်နေလျှင်ကား ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသော သရဏဂုံ ၃ ပါးကို ဆောက်တည်ရ၏။ ထိုအခါ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်၏။

ပညာ ဗုဒ္ဓဘာသာဝင် ။    ။ ထို ဗုဒ္ဓဘာသာဝင်တို့သည် ဥာဏ်နှင့်ယှဉ်၍ နစ်နစ်ကာကာ ယုံကြည်သူကား ဘုရားရှင်ကို ကိုးကွယ်ရာ၌ သက်တော်ထင်ရှား မြတ်ဘုရားကို စိတ်ထဲ၌ ထင်လာမြင်လာအောင် ကိုးကွယ်သည့်အပြင် ရုပ်ပုံ ၊ စေတီတော်များကိုလည်း (ရွှေရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ) ကျေကျေနပ်နပ် လေးမြတ်လေ့ရှိ၏။ တရားကို ကိုးကွယ်ရာ၌လည်း တရားအစစ်အမှန် ကျမ်းဂန် ပိဋကနှင့် မဂ်ဖိုလ် နိဗ္ဗာန်တရားကို မှန်းဆ၍ အားရပါးရ ပူဇော်၏။ သံဃာကို ကိုးကွယ်ရာ၌လည်း သုပ္ပဋိပန္တွတာ စသော ဂုဏ်တို့နှင့် အတော်အတန်ပြည့်စုံသော ပုထုဇဉ်များကိုလည်းကောင်း ၊ အမှန်းအတားအားဖြင့် အရိယာသံဃာတော်ကိုလည်းကောင်း ကိုးကွယ်၏။ ထိုရတနာ ၃ပါးအတွက်ဆိုလျှင် အသက်ကိုပင် စွန့်ဝံ့၏။ ဤသူကား ဥာဏ်နှင့်ယှဉ်သော ဗုဒ္ဓဘာသာဝင် ဖြစ်သူပေတည်း။

သဒ္ဓါ ဗုဒ္ဓဘာသာဝင်။    ။ သူများအပြောကောင်း၍ ယုံကြည်သော သဒ္ဓါဖြင့်၊ သို့မဟုတ် မိရိုးဖလာဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်နေသူတို့ကား ဘုရားစစ်၊ တရားစစ် ၊ သံဃာစစ်တို့၌ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းပါး၏။ (လုံးလုံးမရှိဘူးဟု မဆိုလိုပါ) ဘုရားကို ကြည်ညိုရာ၌ သက်တော်ထင်ရှား မြတ်စွားဘုရားထိအောင် စိတ်မရောက်နိုင်ဘဲ ရုပ်ပုံ ၊ စေတီတော်လောက်သာ စိတ်ရောက်၏။ ရုပ်ပုံ ၊ စေတီတော်များတွင်လည်း ဆွေဘုရား ၊ မျိုးဘုရား မိမိပူဇော်ထားသော ရုပ်ပွားစေတီတော်များကို ပိုမို၍ ကြည်ညိုတက်ကြ၏။ ရွှေပြောင်ပြောင် စေတီရုပ်ပွားကိုလည်း သာ၍ ကြည်ညိုကြသေး၏။

ထို့ကြောင့်ပင် မိမိတို့၏ ရပ်ရွာ၌ ရွှေမရှိသော ရုပ်ပွားစေတီတော်များကို ပစ်ထားခဲ့၍ မြို့ကြီး ပြကြီးသို့ ဘုရားဖူးသွားကြ၏။ အခါတစ်ပါး၌ တောကမိန်းမတစ်စု မန္တလေးသို့ သွားခါနီးဝယ် ဘုရားဖူးသွားမလို့ ဟု ကျယ်လောင် ကျယ်လောင်နှင့်ပြောဆိုနေကြသည်ကို အတော်နားလည်သော ကျောင်းဒကာကြီးက တိုးတိုးပြောကြပါဟရို့ ၊ တို့ရွာက ကိုယ်တော်မြတ်တွေကြားလျှင် အားနာစရာ ဖြစ်နေပါ့မယ် ဟု ပြက်ရယ်ပြုလိုက်သတဲ့။

ဘယ်မှာငါဟု ရှိအံ့နည်း

လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌

မျိုးစုံကကြ ၊ မာန်မာနနှင့်

ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု

ငါသွေးတက်ကြွ ၊ လူ့ဗာလတို့

များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်

တဏှာဘီလူး ၊ အမှောင့်ပူး၍

ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်

မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ

မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု

ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း

ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်

သုဘရာဇာ ၊ မြေအောက်မှာပင်

ဘာသာလူမျိုး ၊ ချိန်မထိုးပဲ

ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်

ဘယ်မှာ ငါဟု ရှိအံ့နည်း။

(မိုးကုတ်ဆရာတော်ကြီး)

%d bloggers like this: