ဒေဝဒတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း…

၁…
ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း။

၂…
ရဟန်းတို့ မိတ်ဆွေယုတ် ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက် ခံရသော သိမ်းရုံး ယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံးတည်၏၊ ကုစား၍ မရကောင်း။

၃…
ဈာန်အဘိညာဉ်တို့ထက် အလွန်ဖြစ်သော မဂ်ဖိုလ်အတွက် ပြုဖွယ်ကိစ္စ ရှိသေး သည် ဖြစ်ပါလျက် အနည်းငယ်မျှသော ဈာန်အဘိညာဉ် တရားထူးကို ရခြင်းဖြင့် အကြား၌သာ ပြီးဆုံးခြင်းသို့ ရောက်နေရ၏။

ရဟန်းတို့ …
ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ် ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော် မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို…
”လောက၌ တစ်စုံတစ်ယောက်သော သူသည် အဘယ်အခါမျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ ‘ဂတိ’ ကဲ့သို့ ထိုသို့သော လားရာ’ဂတိ’ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။

ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့တည်၏ဟု ထင်ရှားခဲ့၏။ ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍ တံခါးလေးပေါက် ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။

အကြင်သူသည် မကောင်းမှု ကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ် မှား၏၊ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်း မှုသည် တွေ့ထိကျရောက်၏။

အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည် အောက်မေ့၏၊ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊ မှန်လှ၏ ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ် ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။

ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိ သော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲ နှိပ်စက်၏၊ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။

အကြင် ကောင်းသော အကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ရောက်ရာ၏၊ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသော အကျင့်ရှိသူကို အဆွေခင်ပွန်း ပြုရာ၏၊ ထိုကောင်းသော အကျင့် ရှိသူကိုလည်း မှီဝဲရာ၏” ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း…
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒေဝဒတ္တသုတ်၊ စတုတ္ထဝဂ်၊ ဣတိဝုတ်ပါဠိတော်။

Advertisements

မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူခြင်း (သို့) နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၄)

ကုသိနာရုံ အင်ကြင်းတောကြီးဝယ် အင်ကြင်းပင် အစုံတို့ အကြား၌ မြောက်အရပ်သို့ ဦးခေါင်းပြု၍ ညောင်စောင်းလေးပေါ်တွင် မြတ်ဗုဒ္ဓကိုယ်တော်မြတ် လျောင်းစက်တော်မူ၏။ လက်ယာ ခြေပေါ်၌ လက်ဝဲခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် လက်ယာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူ၏။

ထိုအခါ၌ အင်ကြင်းပင်အစုံတို့သည်လည်း အခါမဲ့ ပွင့်ကာ ပန်းတို့ဖြင့် ပင်လုံးကျွတ် ပွင့်လျက် ဝေဆာနေကြကုန်လေ၏။ မြတ်ဗုဒ္ဓအား နောက်ဆုံးပူဇော်ခြင်းဖြင့် အင်ကြင်းပန်းတို့သည် အထက်မှ ကိုယ်တော်မြတ်ထက်သို့ မပြတ်မစဲ ကြဲဖြန့်ကုန်၏။
ကောင်းကင်မှ မန္ဒာရဝ နတ်ပန်းတို့သည်လည်းကောင်း၊ စန္ဒကူးနံ့သာမှုန့်တို့သည်လည်းကောင်း ပူဇော်သည့်အနေဖြင့် ကြဲဖြန့်ကုန်၏။နတ်တို့ကလည်း နတ်တူရိယာတို့ဖြင့် တီးမှုတ်၍ ပူဇော်ကြကုန်၏။

အင်ကြင်းတောကြီးတခုလုံးနှင့် ကုုသိနာရုံမြို့ တပတ်လည် (၁၂)ယူဇနာ ပတ်ဝန်းကျင်တွင် စကြာဝဠာတိုက်တစ်သောင်းမှ နတ်များ လာရောက်စုဝေးနေကြလေ၏။ သံဃာတော်များ၏ အရေအတွက်မှာလည်း (၁၀၀၀၀၀)ကျော်ကျော် ရှိ၏။

ထိုအချိန်….မြတ်ဗုဒ္ဓ၏ အနီးအနားမှ အရှင်အာနန္ဒာလည်း မြတ်ဗုဒ္ဓ၏ ဘုန်းတန်ခိုးတော်ကို လွန်စွာပင် အံ့အားသင့်နေလေသည်။

မြတ်ဗုဒ္ဓက..အရှင်အာနန္ဒာအား..
“ဤမျှလောက် ပူဇော်မှုဖြင့် ငါဘုရားကို အရိုအသေပြုသည် မမည်သေး၊ အလေးအမြတ်ပြုသည် မမည်သေး၊ မြတ်နိုးသည် မမည်သေး၊ ပူဇော်သည် မမည်သေးပေ။ အာနန္ဒာ အကြင်ရဟန်းဖြင်စေ ရဟန်းမိန်းမဖြစ်စေ ဥပါသကာဖြစ်စေ ဥပါသိကာမဖြစ်စေ လောကုတ္တရာ တရားဖြင့် လျော်သော တရားတော်ကို ကျင့်လျက်နေ၍ လျော်သော အကျင့်ကို ကျင့်၊ တရားနှင့် လျော်စွာ ကျင့်နေခြင်းသည်ပင် ငါဘုရားအား အမြတ်ဆုံးပူဇော်ခြင်း၊ အရိုအသေပြုခြင်း မြတ်နိုးခြင်း မည်ပေ၏။ ထိုကြောင့် ဤ သာသနာတော်၌ လောကုတ္တရာ တရားနှင့်လျော်သော တရားကို ကျင့်လျက် နေကြပါ၊ လျော်သော အကျင့်ကို ကျင့်ကြံအားထုတ်ကြရမည်”

ဟု မြတ်ဗုဒ္ဓက မိန့်တော်မူ၏။

ထိုအချိန်မှာပင် အရှင် ဥပဝါဏဟူသော မထေရ်သည်လည်း… မြတ်ဗုဒ္ဓ၏ ရှေ့၌ ရပ်လျက် ကိုယ်တော်မြတ်အား ယပ်ခပ်ပေးနေလေ၏။ ထိုကြောင့် လာရောက်ဖူးမြော် ရောက်လာကြသော နတ်တို့က..မြတ်ဗုဒ္ဓအား ကောင်းစွာ မမြင်ရပေ၊ မဖူးတွေ့ရဘဲ ဖြစ်နေကြသည်။ ရှင် ဥပဝါဏ မထေရ်ကြီး ကွယ်နေသောကြောင့် ဖြစ်၏။ ထိုအချင်းအရာကို သိသော မြတ်ဗုဒ္ဓက..ဥပဝါဏကိုယ်တော်အား..
“ရဟန်း ဖဲသွားလော့၊ ငါဘုရားရှေ့ ၌ ရပ်မနေလင့်” ဟု မိန့်တော်မူ၏။

အချိန်သည်လည်း…တဖြေးဖြေး ညဉ့်ဦးယံအချိန်သို့.. ရောက်နေလေပြီ။ ထိုအခါ မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား မလ္လမင်းတို့ထံ သွားရောက် အသိပေး သတင်းပို့ရန် မိန့်တော်မူ၏။

အရှင်အာနန္ဒာကိုယ်တော်လည်း မလ္လမင်းတို့အား မြတ်ဗုဒ္ဓ ဒီကနေ့ည သန်းခေါင်ကျော်လျှင် ပရိနိဗ္ဗာန်စံဝင်တော်မူမည့် အကြောင်းကို သတင်းပို့လေသည်။

အရှင်အာနန္ဒာ၏ စကားကို ကြားသောအခါ မလ္လမင်းတို့သည်လည်းကောင်း မိဖုရားတို့သည်လည်းကောင်း သားတော် သမီးတော်တို့သည်လည်းကောင် လွန်စွာ ကြေကွဲဝမ်းနည်းကြကုန်၏။ ထို့နောက် မြတ်ဗုဒ္ဓ ရှိရာ သို့ ရောက်လာကြလေ၏။

အရှင်အာနန္ဒာ၏ အစီအစဉ်ဖြင့်…မလ္လမင်းတို့က..အုပ်စုလိုက် အုပ်စုလိုက် မြတ်ဗုဒ္ဓဆီသို့ ဝင်ရောက် ဖူးမြော် ရှိခိုးဦးခိုက် ကန်တော့ကြ၏။ ညဉ့်ဦးယံ အချိန်သည်လဲ ကုန်လွန်လေပြီ။

ထို့နောက် သုဘဒ္ဒပရိဗိုဇ် ရောက်ရှိလာလေသည်။ သူ့တွင်လည်း ယုံမှားသံသယ မေးခွန်းရှိနေ၍ မြတ်ဗုဒ္ဓထံ မေးလျောက်ရန် ရောက်လာခြင်းဖြစ်၏။ ငါရဲ့ ယုံမှားသံသယတို့ကို ရှင်းလင်းသွားအောင် ရဟန်းဂေါတမ၏ တရားကို နာယူမည်ဟု ယုံကြည်လျက် ဘုရားထံ ရောက်ရှိလာ၏။ အရှင်အာနန္ဒာကို ဘုရားရှင်အား ဖူးခွင့်ပေးရန် တောင်းဆို၏။ အရှင်အာနန္ဒာက..ယခုအချိန် မြတ်စွာဘုရားအား ဖူးရန် အချိန်မသင့်တော့ဘူး၊ မြတ်စွာဘုရား ပင်ပန်းတော်မူနေပြီ၊ မညှဉ်းဆဲပါနဲ့ ငါ့ရှင်ဟု ပြန်လည် ပြောဆို၏။

မြတ်ဗုဒ္ဓကိုယ်တော်မြတ် ကြားတော်မူသောအခါ…သုဘဒ္ဒအားခွင့်ပြုလိုက်ရန် အရှင်အာနန္ဒာအား မိန့်တော်မူလို်က်၏။
ထိုအခါ သုဘဒ္ဒလည်း မြတ်ဗုဒ္ဓထံ ချဉ်းကပ်၍ မေးလျောက်လေ၏။

သူ၏ မေးခွန်း အဓိပ္ပါယ်မှာ…
သမဏ ဗြာဟ္မဏဟု ဝန်ခံထားသော တိတိ္ထဆရာကြီး (၆)ရောက်တို့သည် သဗ္ဗညုဖြစ်ပါသလား ဒါမှမဟုတ် အရှင်ဘုရားကပဲ သဗ္ဗညုဖြစ်ပါသလားဟု မေးလျောက်လေ၏။

ထိုအခါ မြတ်ဗုဒ္ဓက..သုဘဒ္ဒ၏ မေးခွန်းကို အသာထားပြီး၊ တရားဟောတော့လေ၏။
“ငါဘုရားရဲ့ သာသနာတော်မှတပါး အခြား အယူဝါဒတို့၌ မဂ္ဂင် (၈)ပါးအကျင့်တရားဆိုတာ ရှိသလား မရှိဘူးလား သုဘဒ္ဒ စဉ်းစားပါ။ မဂ္ဂင် (၈)ပါး ရှိသော အကြင်ဓမ္မဝိနယ သာသနာတော်၌ သောတာပန်ရဟန်းသည်လည်းကောင်း၊ သကဒါဂါမ်ရဟန်းသည် လည်းကောင်း၊ အနာဂါမ်ရဟန်းသည်လည်းကောင်း၊ ရဟန္တာသည်လည်းကောင်း ရှိ၏။
မဂ္ဂင် (၈)ပါး မရှိလျင် ထိုအရိယာရဟန်းတို့ မရှိ။ မည်သူမှားတယ် မှန်တယ်ဆိုတာ ငါဘုရားမပြောလိုဘူး..မဂ္ဂင် (၈)ပါးအကျင့် ရှိ မရှိ ကိုသာ စဉ်းစားပါ။ ဆင်ခြင်ပါ။
မဂ္ဂင် (၈)ပါးအကျင့်ကောင်း ရှိမှသာလျင် ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်း သည် ရှိ၏။ မဂ္ဂင် (၈)ပါးအကျင့်ကောင်း မရှိလျင် ကိလေသာ ငြိမ်းကြောင်း အကျင့်ကောင်းသည် မရှိဟု” သုဘဒ္ဒအား.. မြတ်ဗုဒ္ဓက..တရားဟောလေ၏။

ဆက်လက်၍ မြတ်ဗုဒ္ဓကိုယ်တော်မြတ်က..
“ဒီမဂ္ဂင် (၈)ပါးအကျင့်ကောင်းကို ကျင့်သုံးနေသမျှ ကာလပတ်လုံး ရဟန္တာအရှင်သူမြတ်တို့သည် ဘယ်သောအခါမှ မဆိတ်သုဉ်းနိုင်” ဟု တိတိလင်းလင်း ဟောတော်မူလေ၏။

သုဘဒ္ဒပရိဗိုဇ်လည်း မြတ်ဗုဒ္ဓ၏ ရှင်းလင်း တိကျသော တရားတော်ကို လွန်စွာ နှစ်သက် အားရ သွားလေတော့၏။ ထိုကြောင့် မဂ္ဂင် (၈)ပါးကို ကျင့်ကြံအားထုတ်လိုစိတ် ဖြစ်လာပြီး ဘုရား၊ တရား၊ သံဃာ သုံးပါးတို့ အား ယုံကြည် သိမှတ် ကိုးကွယ် ဆည်းကပ်တော့၏။
ရဟန်းခံပေးပါရန် မြတ်စွာဘုရားထံ.. လျောက်လေတော့၏။

အရှင်အာနန္ဒာက..သုဘဒ္ဒအား သပိတ် သင်္ကန်းပေး၍ ရဟန်းခံပေး၊ ကမ္မဋ္ဌာန်းပေးလိုက်သည်။ သုဘဒ္ဒလည်း ဆိတ်ငြိမ်ရာချဉ်းကပ်၍ ဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်မစံမှီကလေးတွင်ပင် ရဟန္တာဖြစ်လေ၏။

အချိန်သည်လည်း ညဉ့်သန်းခေါင်ကို ကျော်လွန်၍ သွားလေပြီ။ မြတ်ဗုဒ္ဓက..သံဃာတော်တို့ကို မှာကြားစရာရှိသည်များကို မှာကြားလေတော့၏။

ချစ်သားအားလုံးတို့ ဘုရား တရား သံဃာပေါ်၌ သံသယရှိသည်များကို မေးကြရန် မိန့်တော်မူ၏။ သံဃာတော်အရှင်သူမြတ်တို့သည်လည်း ဘာသံသယမှ မရှိသဖြင့် ဆိတ်ဆိတ်နေကြလေကုန်၏။

ထို့နောက် မြတ်ဗုဒ္ဓသည်..နောက်ဆုံး စကားကို မိန့်တော်မူလေ၏။

မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားတော်
“ရဟန်းတို့….ပြုပြင်ပေးရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘော ရှိကုန်၏။ မမေ့သော သတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော့”

ဟု မိန့်တော်မူလေ၏။

ဤစကားတော်သည် မြတ်ဗုဒ္ဓကိုယ်တော်မြတ်၏ နောက်ဆုံးမှာကြားသွားသော စကားတော်ဖြစ်၏။

မြတ်ဗုဒ္ဓ ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
ထို့နောက် မြတ်ဗုဒ္ဓသည် ဘာကိုမှဆက်လက် မပြောတော့ဘဲ ..
ပဋ္ဌမဈာန်ကို စတင်..ဝင်စားတော်မူ၏၊
ပဋ္ဌမဈာန်မှထတော်မူ၍ ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊
ဒုတိယဈာန်မှ ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊
တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊
စတုတ္ထဈာန်မှတဖန် ထတော်မူ၍ အာကာသာနဉ္စာယတန (သမာပတ်)ကို ဝင်စားတော်မူ၏၊
အာကာသာနဉ္စာယတနသမာပတ်မှ ထတော်မူ၍ ဝိညာဏဉ္စာယတန (သမာပတ်)ကို ဝင်စားတော်မူ၏၊
ဝိညာဏဉ္စာယတနသမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန (သမာပတ်)ကို ဝင်စားတော်မူ၏၊
အာကိဉ္စညာယတနသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတန (သမာပတ်)ကို ဝင်စားတော်မူ၏၊
နေဝသညာနာသညာယတနသမာပတ်မှ ထတော်မူ၍ သညာဝေဒနာတို့ ချုပ်ရာ နိရောဓ သမာပတ်ကို ဝင်စားတော်မူ၏။

ထိုအခို်က် အရှင်အာနန္ဒာက..အရှင်အနုရုဒ္ဓါအား..မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်ပြုတော်မူပါပြီလောဟု မေးလျောက်လေ၏။

အရှင်အနုရုဒ္ဓါကိုယ်တော်က..မြတ်စွာဘုရားကိုယ်တော်မြတ် ပရိနိဗ္ဗာန်ပြုတော်မမူသေးကြောင်း၊ နိရောဓသမာပတ်ကို ဝင်စားတော်မူလျက်ရှိကြောင်း ကို ပြန်လည်ဖြေကြား၏။

ထိုနောက် မြတ်ဗုဒ္ဓသည်
နိရောဓသမာပတ်မှ ထတော်မူ၍ နေဝသညာနာသညာယတန သမာပတ်ကို ဝင်စားတော်မူ၏။
နေဝသညာနာသညာယတန သမာပတ်မှ ထတော်မူ၍ အာကိဉ္စညာယတန သမာပတ်ကို ဝင်စားတော်မူ၏။
အာကိဉ္စညာယတန သမာပတ်မှ ထတော်မူ၍ ဝိညာဏဉ္စာယတန သမာပတ်ကို ဝင်စားတော်မူ၏။
ဝိညာဏဉ္စာယတန သမာပတ်မှ ထတော်မူ၍ အာကာသာ နဉ္စာယတန သမာပတ်ကို ဝင်စားတော်မူ၏၊
အာကာသာ နဉ္စာယသန သမာပတ်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊
စတုတ္ထဈာန်မှ တဖန် ထတော်မူ၍ တတိယဈာန်ကို ဝင်စားတော်မူ၏၊
တတိယဈာန်မှ ထတော်မူပြီး ဒုတိယဈာန်ကို ဝင်စားတော်မူ၏၊
ဒုတိယဈာန်ကို ဝင်စားတော်မူ၍ ပဋ္ဌမဈာန်ကို ဝင်စားတော်မူ၏။

တဖန်…
ပဋ္ဌမဈာန်မှ ထတော်မူ၍ ဒုတိယဈာန်သို့ ဝင်စားတော်မူ၏၊
ဒုတိယဈာန်မှ ထတော်မူကာ တတိယဈာန်ကို ဝင်စားတော်မူ၏၊
တတိယဈာန်မှ ထတော်မူ၍ စတုတ္ထဈာန်ကို ဝင်စားတော်မူ၏၊
စတုတ္ထဈာန်မှ ထတော်မူပြီးနောက် အခြားမဲ့၌ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။
အရပ်တပါးသို့ ခွဲခွါသွားခါနီး ပုဂ္ဂိုလ်တစ်ယောက်သည်..ချစ်ခင်လှစွာသော မိတ်ဆွေကို လည်ပင်းဖက်ပြီး အားပါးတရ နှုတ်ဆက်ပြီးမှ ခရီးသွားသလိုပါပဲ..
ဘုရားရှင်အဖြစ်နှင့် (၄၅)နှစ်တာ ကာလပတ်လုံး ဝင်စားလာခဲ့သော သမာပတ်တွေကို အားရပါးရ ဝင်စားပြီးတော့မှ နိဗ္ဗာန်ကြွတော်မူခြင်းဖြစ်၏။

မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုသည်နှင့် သဟမ္ပတိဗြဟ္မာကြီးက..ဂါထာရွတ်၍ ပူဇော်လေ၏။

ဗြဟ္မာကြီး၏ ဂါထာ
ကိုယ်တိုင် အလုံးစုံကို သိတော်မူသော အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော ဆရာသခင် အတုမဲ့ဘုရားရှင်ကိုယ်တိုင်သော်မှ အကြင်လောက၌ ပရိနိဗ္ဗာန်ပြုတော်မူ ရချေသေး၏။ ထိုလောက၌ သတ္တဝါအားလုံးတို့သည် ရုပ်နာမ်အစု တို့ကို စွန့်ပစ်ကြရကုန်မည် ချည်းသာတည်း ဟု ဂါထာရွတ်ဆိုလေ၏။

ထို့နောက် တဖန် နတ်တို့ အရှင် သိကြားမင်းကလည်း..

သိကြားမင်း၏ ဂါထာ
ဖြစ်ခြင်း ပျက်ခြင်းသဘောရှိ၍ ပြုပြင်ရသော သင်္ခါရ တရားတို့သည် မမြဲလေ ကုန်စွတကား၊ ဖြစ်ပေါ်ပြီးနောက် ချုပ်ပျောက်လေကုန်စွတကား၊ ထို သင်္ခါရတရားတို့၏ ငြိမ်းခြင်းသည်သာလျင် ချမ်းသာ ပေလိမ့်မည် တကား ဟု ဂါထာရွတ်ဆို ပူဇော်လေ၏။

ထိုနောက် တဖန် အရှင်အနုရုဒ္ဓါကိုယ်တော်သည်လည်း…

အရှင်အနုရုဒ္ဓါ၏ ဂါထာ
တဏှာကင်းတော်မူသော မြတ်စွာဘုရားသည် ငြိမ်းအေးသော နိဗ္ဗာန်ကို ကြွ၍ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ စိတ်ဓာတ်ကြံ့ခိုင်သော မြတ်စွာဘုရား၏ ထွက်လေဝင်လေတို့သည် မရှိတော့ပြီတကား။ ညှိုးငယ်ခြင်း တွန့်ဆုတ်ခြင်းမရှိသော စိတ်ဖြင့် ဝေဒနာကို သည်းခံတော်မူရှာခဲ့လေပြီ၊ ဆီမီးလျှံ ငြိမ်းလေသကဲ့သို့ သင်္ခါရတရားတို့မှ လွတ်မြောက် ချုပ်ငြိမ်းတော်မူလေပြီ တကား ဟု..ဂါထာရွတ်ဆို ပူဇော်လေ၏။

ထို့နောက် အရှင် အာနန္ဒာကိုယ်တော်ကလည်း..

အရှင် အာနန္ဒာ၏ ဂါထာ
မွန်မြတ်သော ဂုဏ်တော်အားလုံးတို့ နှင့် ပြီးပြည့်စုံတော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် ပရိနိဗ္ဗာန်ပြုတော်မူသော ထိုအခိုက်ဝယ် ကြောက်မက်ဖွယ် မြေလှုပ်ခြင်းသည် ဖြစ်ခဲ့လေပြီ၊ ကြက်သီးမွေးညင်းထဖွယ် မြေလှုပ်ခြင်းသည်လည်း ဖြစ်ခဲ့လေပြီ တကား ဟု..ဂါထာရွတ်ဆို ပူဇော်ခဲ့လေ၏။….

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး

ကုသိနာရုံသို့ ကြွချီတော်မူခြင်း (သို့) နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၃)

လမ်းခုလတ်တနေရာ အရောက်တွင် မြတ်ဗုဒ္ဓသည် ပင်ပန်းလွန်းသောကြောင့် လမ်းခရီးမှ ဘေးဖယ်ကာ..တစ်ခုသော သစ်ပင်ရင်းရှိရာသို့ ချဉ်းကပ်၏။ ထို့နောက် ရှင်အာနန္ဒာအား..

“ချစ်သားအာနန္ဒာ ငါဘုရား၏ ဒုကုဋ်သင်္ကန်းကြီးကို လေးထပ်ခေါက်ပြီး ခင်းပါလော့၊ ငါဘုရား ပင်ပန်းလို့ ထိုင်တော်မူအံ့”
ဟု မိန့်တော်မူလေသည်။

နေရာထိုင်ခင်းတွင် မြတ်ဗုဒ္ဓထိုင်တော်မူပြီးလျင်…
“ချစ်သားအာနန္ဒာ…ငါဘုရားအတွက် သောက်တော်ရေလေးတခွက် ဆောင်ယူခဲ့ပါ”
ဟု မိန့်တော်မူ၏။

ထိုအနီးအနားတွင် မြစ်ကလေး တခုရှိ၏။ သို့ပေမယ့် ပူပြင်းသော ရာသီဖြစ်သောကြောင့် ရေအလွန်နည်းပေသည်။ ထို့ပြင် ခရီးသွား လှည်း (၅၀၀)တို့ ထိုမြစ်ကလေးကို ဖြတ်မောင်းထားသောကြောင့် ရေများမှာ နောက်၍ ရွှံ့အနည်များ ထနေလေသည်။ ထိုကြောင့် အရှင်အာနန္ဒာက..မြတ်ဗုဒ္ဓအား ပြန်လည်၍ လျောက်တင်လေသည်။

“အရှင်ဘုရား အနီးအနားမှ ထိုမြစ်ကလေးမှာ ရေများ နောက်ကျူနေပါ၏။ ဟိုရှေ့နားတွင် ကကုဓာမြစ်သည် ရှိ၏။ အေးမြသောရေ ရနိုင်ပေမည်။ ချိုမြိန်သော ရေသန့်ရနိုင်ပေမည်။ သာယာ၍ ဆိပ်ကမ်းလည်း ကောင်းပေမည်။ ထိုမြစ်ဆိပ်ကမ်းသို့ ရောက်လျင် ဘုရားတပည့်တော် ရေကြည် ရေချမ်းကို ဆပ်ကပ်ပါ့မည် ဘုရား” ဟု လျောက်တင်သည်။

သို့သော် မြတ်ဗုဒ္ဓ နီးရာ ထိုမြစ်ကလေးမှပင် သောက်ရေကို ယူဆောင်လာရန် ထပ်မံ မိန့်တော်မူပြန်၏။ အရှင်အာနန္ဒာလည်း ရှေ့စကားအတိုင်းပင် ပြန်လည် လျောက်တင်သည်။ ဒုတိယအကြိမ် မြတ်ဗုဒ္ဓက..သောက်ရေကို ဆောင်ယူရန် မိန့်တော်မူသော်လည်းပဲ အရှင်အာနန္ဒာလည်း ထိုစကားကိုသာ ပြန်လည်လျောက်တင်လေသည်။
မြတ်ဗုဒ္ဓက..တတိယအကြိမ် မိန့်တော်မူသောအခါမှ အရှင်အာနန္ဒာလည်း သပိတ်ကို ယူကာ ထိုချောင်းလေးဆီသို့ ချဉ်းကပ်လေ၏။

ထိုနောက် သပိတ်ကလေးဖြင့် လှမ်းခပ်မည်အပြုတွင် ချောင်းထဲရှိ ရေများမှာ ကြည်လင်သွားလေတော့၏။ အနည်များထိုင်ပြီး သန့်ရှင်းသွားလေ၏။ အရှင်အာနန္ဒာလည်း မြတ်ဗုဒ္ဓ၏ တန်ခိုးအာနုဘော်ကို လွန်စွာပင် အံ့ဩသွားလေတော့၏။

ထို့နောက် ဘုန်းတော်ကြီးမားသော မြတ်ဗုဒ္ဓအား သောက်ရေကို ကပ်လေသည်။ မြတ်ဗုဒ္ဓလည်း သောက်ရေကို သုံးဆောင်မူပြီးသကာလ ဆက်လက်၍ ကြွချီတော်မူလေသည်။

ထို့နောက် ကကုဓာန်မြစ်သို့ရောက်သော အခါ တဖန်အနားယူလေ၏။ ထိုမြစ်တွင် မြတ်ဗုဒ္ဓ ရေသုံးသပ်၊ သောက်ရေ ဘုန်းပေးတော်မူလေသည်။ မြတ်ဗုဒ္ဓသည် ဆက်လက်၍ မြစ်၏ဟိုဘက်ကမ်း သရက်ဥယျာဉ်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုသရက်ဥယျာဉ်အတွင်းတွင် ခေတ္တခဏမျှ ထပ်မံ အနားယူ လှဲလျောင်းတော်မူလေ၏။ ပြန်လည် ထဦးမယ်ဆိုသော အမှတ်သညာ သတိလေးဖြင့် အနားယူခြင်းဖြစ်၏။

ထိုနောက် မြတ်ဗုဒ္ဓ နှင့် သံဃာတော်အပေါင်းတို့သည် ဟိရညဝတီမြစ်၏ တဖက်ကမ်း ကုသိနာရုံပြည် လမ်းကွေ့ မလ္လမင်းတို့၏ အင်ကြင်းတောသို့ ကြွတော်မူခဲ့လေ၏။

(ဆက်ရန်ရှိသေးသည်။)

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၂)

ထို့နောက် မြတ်ဗုဒ္ဓသည် နောက်ဆုံးဝါဆိုတော်မူခဲ့ရာ ဝေဠုဝရွာ မှ သာဝတ္ထိမြို့သို့ကြွချီတော်မူလေသည်။

သာဝတ္ထိမြို့တွင် တန်ဆောင်မုန်းလပြည့်နေ့ ၌ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူခဲ့လေသည်။
အဲဒီနောက် သာဝတိ္ထမှ ရာဇဂြိုလ်မြိုသို့ ဆက်လက်ကြွတော်မူသည်။

ရာဇဂြိုလ်မြို့တွင် တန်ဆောင်မုန်းလကွယ်နေ့၌ အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ပရိနိဗ္ဗာန်စံတော်မူလေသည်။

အဲဒီ့နောက် ဝေသာလီပြည် စာပါလစေတီသို့ကြွတော်မူ၏။ တပို့တွဲလပြည့်နေ့တွင် စာပါလစေတီသို့ ရောက်လေ၏။ ထိုနေရာတွင် မြတ်ဗုဒ္ဓသည် အာယုသင်္ခါရ ကို စွန့်လွှတ်တော်မူလေ၏။ ရောဂါကင်းဝေး၊ အသက်ရှည်ရန် ပြုပြင်မှု ဖလသမာပတ်ဝင်စားခြင်းကို အပြီး စွန့်လွတ်လိုက်ခြင်းဖြစ်၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူရန် (၃)လသာ လိုတော့လေသည်။

ထိုစာပါလစေတီမှတဖန် ဝေသာလီပြည် မဟာဝုန်တော ကျောင်းတိုက်ကြီးရှိရာသို့ ကြွချီတော်မူလေသည်။ ထိုကျောင်းတိုက်ကြီးတွင် မြတ်ဗုဒ္ဓသည် သံဃာတော်များ စုစည်းခေါ်ယူပြီး သာသနာအရှည်တည်တံ့ကြောင်းတရားတော်ကို ဟောတော်မူခဲ့၏။ ထိုကျောင်းတိုက်ကြီးမှတဖန် ဘဏ္ဍုရွာသို့ ကြွတော်မူလေသည်။

ထိုရွာ၌ သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ တရားတော်ကို ဟောတော်မူလေသည်။ ထိုဘဏ္ဍုရွာမှတဖန် ဟတိ္ထရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့ သို့ တဆင့်ဆင့် ကြွချီတော်မူခဲ့လေသည်။ ထိုဘောဂမြို့၌ မြတ်ဗုဒ္ဓသည် မဟာပဒေသလေးပါးတရားတော်ကို ဟောတော်မူခဲ့၏။

ထို့နောက် ဘုရားကိုယ်တော်မြတ်သည် များစွာသော ရဟန်းသံဃာတို့နှင့်အတူ ဘောဂမြို့မှ ပါဝါပြည်သို့ ဆက်လက် ခရီးဒေသစာရီ ကြွချီတော်မူလေပြီ။

ပါဝါပြည်သို့ ရောက်ရှိသော အချိန်မှာ..ကဆုန်လဆန်း ၁၄ရက် ညနေစောင်းအချိန်ဖြစ်၏။

ပါဝါပြည် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ၏ သရက်တောဥယျာဉ်ကြီးတွင် သီတင်းသုံးနေတော်မူလေသည်။

စုန္ဒရွှေပန်းတိမ်သည်လည်း မြတ်ဗုဒ္ဓထံသို့ ရောက်ရှိလာပြီး နောက်နေ့ နက်ဖြန် သံဃာတော်များနှင့်တကွ ဆွမ်းဘုန်းပေးခြင်းကို လက်ခံတော်မူပါရန် လျှောက်ထားလေသည်။ မြတ်ဗုဒ္ဓမှ လက်ခံတော်မူပြီးနောက် စုန္ဒလည်း ဆွမ်း ခဲဖွယ် ဘောဇဉ်တိုု့ကို ပြည့်စုံစွာ ပြင်ဆင်လေတော့သည်။ စုန္ဒစီမံသော အစားအစာများထဲတွင် သူကရမဒ္ဒဝ အမည်ရှိသော စားဖွယ်လည်းပါဝင်သည်။
ထို သူကရမဒ္ဒဝ စားဖွယ်မှာ အဋ္ဌကထာများတွင် (၅)မျိုးကွဲပြားနေလေသည်။

၁. မကြီးမငယ် ဝက်သားစားဖွယ်
၂. မှိုစားဖွယ်
၃. မျှစ်စားဖွယ်
၄. နွားနို့အရသာ ငါးမျိုးဖြင့် စီမံထားသော စားဖွယ်
၅. ဆေးတို့ဖြင့် စီမံထားသောစားဖွယ်..ဟူ၍ ကွဲပြားနေသည်။

လောကဓာတ် (၁)သောင်းမှ နတ်အပေါင်းတို့သည်လည်း ထိုသူုကရမဒ္ဒဝစားဖွယ်ထဲသို့ နတ်ဩဇာများထည့်၍ ပူဇော်ကြလေသည်။ စုန္ဒက..မြတ်ဗုဒ္ဓအား မနက်စောစောတွင် ဆွမ်းစားပင့်လေသည်။ မြတ်ဗုဒ္ဓက..စုန္ဒကပ်သော စားဖွယ်များထဲမှ ထိုသူကရမဒ္ဒဝတွင် နတ်ဩဇာများပါဝင်နေသည်ကို သိတော်မူ၏။ မြတ်ဗုဒ္ဓမှတပါး တခြားသူများစားလျင် အစာမကြေနိုင်မှန်းကိုလည်း သိတော်မူလေသည်။ နတ်ဩဇာများပါဝင်နေသောကြောင့် ကမ္မဇတေဇောဓတ် အားကောင်းမှသာလျင် စားသုံးနိုင်၏။ ထိုကြောင့် မြတ်ဗုဒ္ဓက..အခြားသံဃာများအတွက် စိုးရိမ်တော်မူပြီး..ထိုစားဖွယ်မှလွဲလျင် တခြားစားဖွယ်တို့ကို သံဃာတို့အား ကပ်လိုက်ဟု စုန္ဒအား မိန့်တော်မူ၏။ ထိုစားဖွယ်ကိုတော့ ငါဘုရားကိုသာ ကပ်ပါဟု မိန့်တော်မူ၏။ ဆွမ်းဘုန်းပေးပြီး ကြွင်းကျန်ရှိသော ထို သူကရမဒ္ဒဝဟင်းတို့ကို တွင်းတူး၍ စွန့်ပစ်လိုက်ရန် မြတ်ဗုဒ္ဓက..စုန္ဒအား ထပ်မံမိန့်တော်မူလေ၏။

ထို့နောက်..မြတ်ဗုဒ္ဓသည် အလွန်ပြင်းထန်သော ရောဂါဝေဒနာ ခံစားရလေတော့၏။ ပရိနိဗ္ဗာန်စံဝင်လောက်အောင် ပြင်းထန်သော သွေးဝမ်းလွန်သော ရောဂါဖြစ်၏။

ထိုပြင်းထန်သော ဝေဒနာခံစားရခြင်းမှာလည်း စုန္ဒကပ်သော သူကရမဒ္ဒဝစားဖွယ်ကြောင့် မဟုတ်ပေ။ စုန္ဒကပ်သော ဆွမ်းဟင်းကြောင့်ပင် မြတ်ဗုဒ္ဓမှာ အားအင်များပင် ပြည့်ဝလာပါသေး၏။ ယခုလို သွေးဝမ်းလွန်ရောဂါ ခံစားရခြင်းမှာ..ဟိုးရှေးဘဝတုန်းက..ပြုခဲ့မိသောကံ၏ ဝဋ်ကြွေးပင်ဖြစ်၏။

ကပတိအနေဖြင့် မြတ်ဗုဒ္ဓတွင် ဆင်ပေါင်းကုဋေတစ်ထောင်ဆောင်နိုင်သော အားအင် ရှိပေ၏။ သို့သော် ယခုတော့ ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားရသောကြောင့် မြတ်ဗုဒ္ဓမှာ အားအင်တို့ ကုန်ခန်းသွားတော့လေ၏။

ထိုသို့ ရောဂါဝေဒနာဖြင့် အားအင်လျော့ကျနေပေမယ့်လည်း ဆက်လက်ခရီးဒေသစာရီ ဆက်လက်ကြွချီရန် အရှင်အာနန္ဒအား မိန့်တော်မူလေသည်။ ပါဝါပြည်မှ (၃)ဂါဝဂ် ဝေးကွာသော ကုသိနာရုံပြည်သို့ ဖြစ်၏။

ဤနေရာတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ရှစ်ဖြာမဂ္ဂင်နိဗ္ဗာန်ဝင် တရားတော်၌ ပါဝါ နှင့် ကုသိနာရုံသည် (၆)မိုင်ဝေးကွာသည်ဟု ဟောထားသေးပါ၏။ ၁ဂါဝဂ်လျှင် ၂မိုင် နှုန်းဖြင့် (၆)မိုင်ဝေးကွာမည်ဟု ဟောထားသည်။

မြတ်ဗုဒ္ဓ ဒီခရီးကို ကဆုန်လပြည့်နေ့မှာပဲ ကြွတော်မူခဲ့ခြင်းဖြစ်၏။

အမှန်ဆိုလျင်…ရာသီဥတုကလည်း အလွန်ပူပြင်းနေသော ကဆုန်လဖြစ်၏။ ပရိနိဗ္ဗာန်စံဝင်ခါနီး၍ သွေးဝမ်းလွန်ရောဂါကြောင့် ဘုရားကိုယ်တော်မြတ်မှာ အလွန်ပင် အားအင်ကုန်ခန်းနေသော အချိန်ဖြစ်၏။ ထိုသို့ ပင်ပန်းစွာခံစားနေသည့်ကြားမှ ကုသိနာရုံသို့ ကြွတော်မူရခြင်းမှာ အကြောင်းရှိ၏။

သုဘဒ္ဒပုရိဗိုဇ်ကြီးကို ချေချွတ်တော်မူဖို့ရန်ဖြစ်၏။ သုဘဒ္ဒသည် ထိုကုသိနာရုံတွင် ရှိသည်။ သူသည် ဘုရားကိုယ်တော်မြတ်၏ တရားစကားကို နာလိုက်ရလျင်ပင် သစ္စာကိုသိမြင်ကာ နောက်ဆုံးသာဝကဖြစ်ပေလိမ့်မည်။ ထိုသုဘဒ္ဒ၏ တရားထူးမြင်မည့် အကျိုးစီးပွားကို မြင်တော်မူ၍သာ ကုသိနာရုံသို့ မြတ်ဗုဒ္ဓမှာ အပင်ပန်းခံ၍ ကြွချီတော်မူခြင်းဖြစ်၏။

ထို့ပြင် အတိုင်းတိုင်း အပြည်ပြည်မင်းတို့၏ ဆရာဖြစ်သော ပုဏ္ဏားဒေါနကြီးသည်လည်း ထိုအရပ်၌ပင်ရှိ၏။ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်ပြီးလျင် ကျန်ရှိသော ဓာတ်တော်များကို ခွဲဝေပါက စီမံပေးမည့်သူသည်လိုပေ၏။ ထိုသို့ စီမံဝေပေးမည့်သူမရှိလျင် အတိုင်းတိုင်းအပြည်ပြည်မင်းတို့ အကြား ဓာတ်တော်လုပွဲကြီးဖြစ်၍ စစ်ပွဲပင် ဖြစ်နိုင်မည်ကို ကြိုတင်၍သိတော်မူ၏။ ထိုသို့သွေးချောင်းစီး စစ်ပွဲများ မဖြစ်ရလေအောင် ထိုအရပ်သို့ ကြွတော်မူရခြင်းလည်းဖြစ်၏။

မြတ်ဗုဒ္ဓသည် နောက်ဆုံးအချိန်လေးအထိ သတ္တဝါတို့အတွက် ပြည့်ပြည့်စုံစုံနှင့် ကောင်းစွာ အလုပ်လုပ်သွားခဲ့လေသည်။ ကိုယ်တော်မြတ်ကိုယ်တိုင် ဘယ်လောက်ပင်ပန်းနေပါစေ သတ္တဝါတစ်ဦးတစ်ယောက် သစ္စာမြင်သိမည့် အရေးဆိုလျင် ကိုယ်တော်တိုင် ကြွချီတော်မူလေသည်။ ခရီးဘယ်လောက်ဝေးနေပါစေ ရောက်အောင်သွားပြီး တရားဟောခဲ့၏။ အမှန်တရားကို ရှင်းလင်းဟောပေး၏။ လမ်းမှန် အကျင့်ကောင်းကို ညွှန်ပြပေး၏။ နောက်ဆုံး… စိတ်အညစ်အကြေးများ ကင်းစင်အောင် ဆုံးမပေးခဲ့၏။ တကယ်ပင် ကျေးဇူးကြီးမားလှပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဘုရားဂုဏ်တော်ကို ပေါ်လွင်စေသော စာပိုဒ်လေးကို ဖော်ပြလိုပါသည်။
“ ဗုဒ္ဓမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူမည့် ကဆုန်လပြည့်နေ့၌ နံနက်ပိုင်းတွင် စုန္ဒအမည်ရှိသော ရွှေပန်းတိမ်သည် ဆွမ်းကို ဘုန်းပေးပြီးသောအခါ ဝမ်းသွေးသွန်သော ရောဂါ အကြီးအကျယ်နှိပ်စက်နေ၍ သုဘဒ္ဒပုရိဗိုဒ်၏ တရားထူးရမည့်အရေးကို မြင်တော်မူ၍ သုဘဒ္ဒပုရိဗိုဒ်အား သနားတော်မူသဖြင့် ပါဝါမြို့မှ ကုသိနာရုံအထိ ၃ဂါဝဂ် ၆မိုင်ဝေးကွာသော ခရီးကို ပင်ပန်းကြီးစွာဖြင့် ၂၅ပါးသော ဋ္ဌာနတို့၌ နားကာနားကာ ကြွချီတော်မူလေသည်။ ထိုသို့ကြွချီတော်မူခြင်းမှာ သုဘဒ္ဒအားသနားတော်မူသော မဟာကရုဏာတော်ကြောင့်ဖြစ်ပါ၏။ ထိုမဟာကရုဏာတော်ဖြင့် သနားခြင်းကြီးစွာဖြင့် ပင်ပန်းဆင်းရဲစွာ ကြွချီတော်မူသော ဗုဒ္ဓမြတ်စွာဘုရားကို တပည့်တော်တို့သည် ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။ ”

ပြင်းထန်စွာ ခံစားနေရသော ရောဂါဝေဒနာကို သည်းခံတော်မူပြီး ရှိသမျှအားအင်ကိုယူကာ..ကုသိနာရုံပြည်သို့ ကြွတော်မူခဲ့လေပြီ။


(ဆက်ရန်ရှိသေးသည်။)

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁)

မြတ်ဗုဒ္ဓ ၄၄ ဝါပြည့်ပြီး ၄၅ဝါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏ သရက်တောဥယျာဉ်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့၏။ အမ္ဗပါလီအမျိုးကောင်းသမီးက..မြတ်ဗုဒ္ဓအား သရက်တောဥယျာဉ်ကြီးနှင့်တကွ သရက်တောကျောင်းတိုက်ကိုပါ..လှူဒါန်းခဲ့လေသည်။ ထိုကျောင်းတိုက်မှ ခရီးဒေသစာရီကြွချီတော်မူရန် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား..

ငါဘုရား၏ထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ..
“အကြင်အရပ်၌ ဝေဠုဝရွာငယ်သည် ရှိ၏။ ဝေဠုဝအမည်ရှိသော ထိုရွာငယ်ဆီသို့ သွားကြကုန်စို့” ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာကလည်း…
“ဘုန်းတော်ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ” ဟု ဝန်ခံတော်မူ၏။

ထို့နောက် သံဃာတော် (၅၀၀)နှင့်တကွ ခြံရံလျက် အမ္ဗပါလီသရက်တောကျောင်းတိုက်မှ ဝေဠုဝရွာငယ်လေး ဆီသို့ ခရီးဒေသစာရီကြွချီတော်မူခဲ့၏။ ဝါဆိုခါနီး ထိုရွာငယ်လေးသို့ ရောက်ရှိခဲ့လေ၏။ ဝေဠုဝရွာလေးမှာ ရွာသိမ်ရွာငယ်လေးပင် ဖြစ်၏။ ထို့ကြောင့် လူသွားလူလာနည်း၍ တိတ်ဆိတ်အေးချမ်း၏။

မြတ်ဗုဒ္ဓတို့သည် ထိုသို့သော တိတ်ဆိတ်သောနေရာ၊
ပရိသတ်နည်းသော နေရာ၊
လူသွားလူလာနည်းသောနေရာ၊
လူသံသူသံနည်းသောနေရာမျိုးကို မွေ့လျော်လေ၏။

ထိုရွာလေးမှာ သံဃာ(၅၀၀)ကို မထိန်းနိုင်သော ရွာလေးဖြစ်သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓက..သံဃာတော်တို့အား ဝေသာလီမြို့၏ ပတ်ဝန်းကျင်အရပ်တို့၌ ဝါကပ်ကြရန် မိန့်တော်မူလေ၏။ မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင်မှာတော့ ထိုရွာငယ်လေးမှာပဲ ဝါကပ်တော်မူလေ၏။

ထိုသို့ နောက်ဆုံးဝါဆိုသောအချိန်အခါ..မြတ်ဗုဒ္ဓမှာ ပြင်းထန်ကြမ်းတမ်းသော ရောဂါဝေဒနာ ကပ်ရောက်ခဲ့လေသည်။ နှိပ်စက်ခဲ့လေသည်။ ထိုရောဂါသည် ပရိနိဗ္ဗာန်စံယူလောက်သော ရောဂါဖြစ်လေသည်။ သွေးဝမ်းလွန်သော ရောဂါဖြစ်၏။ သက်တော်အားဖြင့်လည်း (၈၀)ထဲသို့လည်း ရောက်ရှိနေလေပြီ။ သက်တော်(၈၀)အရွယ် ကိုယ်တော်မြတ် ရူပကာယနှင့် ပက်သက်၍ ကိုယ်တော်မြတ်ကိုယ်တိုင် အရှင် အာနန္ဒာအား အခုလို မိန့်ထားဖူးလေသည်။
“ငါဘုရားထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ…
ငါဘုရားရဲ့ ရုပ်ရူပကာယကို ပမာနှိုင်းပြရပါမူကား…
ယိမ်းယိုင်နဲ့နေသော၊ အိုနေသော လှည်းအိုကြီးကို ကြိုးတွေဖြင့် တုပ်ဆိုင်းထားခြင်းဖြင့် မျှတပြီးနေလေသကဲ့သို့ ..
ထိုအတူပဲ ငါဘုရားရဲ့ ရုပ်ရူပကာယတော်သည်လည်း အရဟတ္တဖလသမာပတ်တည်းဟူသော အတုပ်အဆိုင်းဖြင့် မျှတနေရပါတယ်”

ဟု မိန့်တော်မူလေသည်။..

ပြိုလဲတော့မည့် လှည်းအိုကြီးကို ဟိုဘက်ဒီဘက်မှ ကြိုးများဖြင့် တုပ်ဆိုင်းထားရသလို.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရူပကာယကိုလည်း ပြိုလဲမသွားအောင် ဖလသမာပတ်ဝင်စားခြင်းဖြင့် တုပ်ဆိုင်းထားရခြင်းဖြစ်၏။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အလောင်းတော်အဖြစ်နှင့် တရားအားထုတ်စဉ်ကလည်းပဲ အပြင်းအထန် ကြိုးစားခဲ့ရလေသည်…အဲဒီ့နောက်…သစ္စာလေးချက် ဓမ္မနက်ကို သိမြင်ပြီး မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူပြီးနောက်လည်းပဲ..၄၅ နှစ်တိုင်တိုင် တရက်လေးမှပင် အနားမယူခဲ့ရ၊ သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်တော်မူခဲ့ရလေ၏။ တစ်နေ့တာ ၂၄နာရီတွင် သုံးနာရီကြာမျှသာ ဘုရားကိုယ်တော်မြတ် သက်သက်သာသာနှင့် အနားယူချိန်ရှိလေ၏။ ကျန်သောအချိန်များတွင် အမြဲပင် အလုပ်လုပ်ခဲ့ရလေ၏။ ဘုရားအဖြစ်နှင့် ၄၅ နှစ်တာကာလအတွင်း အချိန်ကို ၁စက္ကန့်လေးမျှပင် အချည်းအနှီး မဖြစ်စေခဲ့။

နေ့စဉ်နေ့တိုင်းပင်
ရဟန်းတော်များအား ကမ္မဋ္ဌာန်းတရားပေးတော်မူရ၊
ဒကာဒကာမတို့အား တရားဟောကြားတော်မူရ၊
လျှောက်ထားမေးမြန်းမှုတို့ကိုလည်း ဖြေဆိုဟောကြားတော်မူရ၊
ကျွတ်ထိုက်သော သတ္တဝါတို့ကိုလည်း တစ်ဦး တစ်ယောက် တစ်ပါးလေမျှမကျန်အောင် ဆင်ခြင်တော်မူရ၊
ပြီးနောက် ထိုသတ္တဝါရှိရာအရပ်သို့ပင် ရောက်အောင်သွားပြီး တရားဟောတော်မူရ… စသဖြင့် ဘုရားရှင်ကိုယ်တော်မြတ်မှာ သတ္တဝါအားလုံးတို့အတွက် အလုပ်လုပ်ခဲ့ရပေ၏။

ထိုကဲ့သို့ နေ့နေ့ညည မပြတ် အလုပ်လုပ်ခဲ့ရပြီး…ယခုတော့ သက်တော် ၈ဝ သို့ ချဉ်းကပ်နေလေပြီ။ နောက်ဆုံး အရွယ်သို့ ရောက်နေလေပြီ။ ရောဂါဝေဒနာကလည်း ပြင်းပြင်းထန်ထန် နှိပ်စက်နေလေပြီ။ ထို့ကြောင့် ရုပ်ရူပကာယမှာ ခံနိုင်ရည်မရှိတော့ပြီ။ လဲပြိုမသွားအောင် ဖလသမာပတ်များ ဝင်စားခြင်းဖြင့် ခန္ဓာကိုယ်ကို ထိန်းထားရလေသည်။

ဖလသမာပတ်မှာ (၃)မျိုးရှိပေ၏။
1. မဂ္ဂါနန္တရ ဖလ သမာပတ်
2. ဝဠဉ္ဇန ဖလ သမာပတ်
3. အာယုသင်္ခါရ ဖလ သမာပတ် (အာယုပါလန) တို့ဖြစ်၏။
(ref: ဖလသမာပတ် ၃ မျိုး၊ စာ-၂၉၃၊ ဖျာပုံတိုက်ဆရာတော်- သုတေသနသရုပ်ပြအဘိဓာန်)

မဂ္ဂါနန္တရ ဖလ သမာပတ် ဆိုသည်မှာ မဂ်ကျပြီး ဖြစ်လာသော ဖိုလ်ဇောများဖြစ်သည်။

ဝဠဉ္ဇန ဖလ သမာပတ် ဆိုသည်မှာ…
စိတ် စေတသိက် စိတ္တဇရုပ်တို့ကို ခေတ္တငြိမ်းအေးစေ၍ သုခရေး သက်သက် သုံးသပ်ခံစားနေသော ဖလသမာပတ်ဖြစ်သည်။ သင်္ခတနိမိတ်တို့ကို မျက်နှာလွဲပြီး အသင်္ခတနိဗ္ဗာန်ကို အာရုံပြု ချမ်းချမ်း သာသာ နေခြင်းဖြစ်၏။ နိဗ္ဗာန် ချမ်းသာ ကို လက်တွေ့အာရုံပြုနေခြင်းဖြစ်၏။

အာယုသင်္ခါရ ဖလသမာပတ် ဆိုသည်မှာ ရောဂါဝေဒနာနှိပ်စက်ခြင်းမှ သက်သာ ငြိမ်းအေးစေပြီး အသက်နှင့် ခန္ဓာကို စောင့်ရှောက် ထိန်းသိမ်းသော ဖလသမာပတ်ဖြစ်၏။ ထိုဖလသမာပတ်ဝင်စားခြင်းဖြင့် ရောဂါတို့ကို သက်သာသွားစေသည်။ အသက်ကို ရှည်စေသည်။

ယခုဝေဠုဝရွာငယ်လေးတွင်လည်း…မြတ်ဗုဒ္ဓသည် ဖလသမာပတ် ဝင်စားခြင်းဖြင့် ပြင်းစွာခံစားနေရသော အနာရောဂါငြိမ်းစေပြီး ပြန်လည် ကျန်းမာတော်မူလာလေပြီ။

(ဆက်ရန်ရှိသေးသည်။)

နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓတရားတော် (၂၇၊ ၁၂၊ ၁၉၇၇)- သီတဂူဆရာတော်ဘုရားကြီး


%d bloggers like this: