ဒါနသည် သံသရာကို ရှည်စေသလော

ယခုကာလ၌ “ဒါနသည် သံသရာကို ရှည်စေတတ်၏” ဟု အယူသည်းကြသည်။ ပြခဲ့သော ဝတ္ထုဝယ် ဒါနရှင်က ကျွတ်တမ်းဝင် နောက်မကျချေ။ ထို့ကြောင့် သံသရာ အရှည်အတိုဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာတွင် သူတို့၏စိတ် မစင်ကြယ်မှုကြောင့်သာ “လူတွင်ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာမရှည်စေ။ “ဤဒါနကြောင့် လူ့ချမ်းသာ နတ်ချမ်းသာ ကိုခံစားရတော့မည်” ဟုရည်ရွယ်မှု တဏှာဇောက သံသရာကို ရေလျဉ်ကြော၌ မျောစေခြင်းသာ ဖြစ်သည်။

အချို့က “ဘုရားရှင်သည်ပင် ဒါနတွေ အားကြီးသောကြောင့် သံသရာမှာ ကြာရှည်တော်မူရသည်” ဟု အသိဉာဏ်ကလေးဖြင့် တွေးရှာကြပြန်သေးသည်။ ထိုဒါန အားကြီးတော်မူကြသော ဘုရားရှင်ပေါင်း အသင်္ချေနှင့် အနန္တ (ဂင်္ဂါဝါဠုသဲစုမက) ကျွတ်တမ်းဝင်ကြပြီး ဖြစ်ပါလျက် ငါတို့က ယခုတိုင် မကျွတ်ရသေးသည်မှာ ထိုဘုရားရှင်တို့ထက်ပင် ဒါနအားကြီးနေလို့ပါလော။ ဝေဿန္တရာမင်းသည် ဘုရားမဖြစ်မှီ ၂ဘဝမြောက်က အကြီးအကျယ် ဒါနကို ပြုတော်မူသည်။ ထိုဒါနတွေ အဘယ်ကြောင့် သံသရာမှာ မကြာစေပါသနည်။

ထို့ကြောင့် ဒါနသည် သူ၏သဘောအားဖြင့် သံသရာမှာ ကြာရှည်စေသည်မဟုတ်ပါ။ မစင်ကြယ်သော တဏှာဇောကြောင့် သံသရာမှာ မျောကြရသည်ဟုမှတ်ပါ။ ဘုရားအလောင်းတော်တို့၏ သံသရာ၌ ကြာရှည်စွာ နေရခြင်းမှာလည်း ရည်ရွယ်တော်မူရင်းက သဗ္ဗုညုတဉာဏ်အထူးကို ရဖို့ဖြစ်၍ ထိုဉာဏ်နှင့်ထိုက်တန်သော ပါရမှအခြေခံ မပြည့်သေးသမျှ ထိုဉာဏ်ကို မရနိုင်ကြောင့်သာ ဖြစ်သည်။ ဥပမာ = ရင့်မှ မှည့်နိုင်သော သရက်သီးကို အနုကလေး ဆွတ်ခူး၍ အုပ်သော်လည်း မမှည့်နိုင်သကဲ့သို့တည်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဆဋ္ဌမခန်း)

Advertisements

ဒုက္ခဒေါမနဿအကြောင်း

ကိုယ်ဆင်းရဲမှုကို “ဒုက္ခ”၊ စိတ်ဆင်းရဲမှုကို “ဒေါမနဿ” ဟုခေါ်သည်။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျင်းမြောင်းမှု ၊ ရောဂါဝေဒနာ ဒဏ်ကိုခံစားနေရမှု ၊ အရိုက်အနှက်ခံရမှု၊ တစ်စုံတစ်ခုနှင့် ထိခိုက်မှု စသည်တို့ကြောင့် ခန္တာကိုယ်၏ ပင်ပန်းနွမ်းနွယ်ခြင်းသည် ဒုက္ခချည်းတည်။ ယခုလောက၌လည်း ကိုယ်ခန္တာနာကျင်လျှင် “အလိုလေး… ဒုက္ခ ဒုက္ခ” ဟု ညည်းညူကြလေသည်။ ထိုသို့ခန္တာကိုယ် ဆင်းရဲသော်လည်း စိတ်ကား ဆင်းရဲချင်မှ ဆင်းရဲမည်။ ဘုရားအလောင်း ပါရမီဖြည့်တော်မှုရာ၌ မဟော်သဓာ၊ ဝေဿန္တရာ ဘဝသည် စသည်တို့ဝယ် ကိုယ်ခန္တာ မသက်သာဘဲ ဆင်းရဲ ဒုက္ခ ရောက်တော်မှုခဲ့သည်။ သို့သော် သတ္တဝါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့်စိတ်ဆင်းရဲမှု ဒေါမနဿကား မဖြစ်ခဲ့ပါ။

စိတ်ဆင်းရဲမှု၊ စိတ်မချမ်းသာမှု၊ စိတ်ညစ်မှု၊ စိတ်ပျက်မှု စသည်ဖြင့် စိတ်မှာဖြစ်နေသော ဒုက္ခစုကိုပင် “ဒေါမနဿ” ဟုခေါ်ရလေသည်။ ဤဒေါမနဿ ဝေဒနာသည် စိတ်မှာစွဲကပ်လာသော ရောဂါတစ်မျိုးဖြစ်သည်။ ထို့ကြောင့် “သူ့အကြောင်း ကြားရတာ စိတ်ထဲမှာ နာလွန်းလို့ ငါ့အား သူ့အကြောင်း မပြောလာပါနဲ့” စသည်ဖြင့် စိတ်မချမ်းသာမှုကိုပင် “စိတ်နာ” ဟု ပြောဆိုကြလေသည်။ ဤကဲ့သို့ စိတ်မချမ်းသာတိုင်း၊ စိတ်နာတိုင်းလည်း ကိုယ်ဆင်းရဲချင်မှ ဆင်းရဲမည်။ ခြွေရံပေါကြွယ် စည်းစိမ်လယ်မှာ ကိုယ်ခန္တာချမ်းမြပါလျက် ဓမ္မစကြာတရားတော်လာ “ယံပိစ္ဆံန လဘတိ၊ တမ္ပိ ဒုက္ခံ = ရတာမလို၊ လိုတာမရ” ဖြစ်နေကြသူတို့၏ ဒုက္ခလည်း ဤဒေါမနဿပင်တည်း။ ဤဒေါမနဿ၏ ဆင်းရဲပုံလည်း ခနာ္တကိုယ် ဆင်းရဲထက် လွန်ကဲပြင်းပြ၏။ ရွှေဘုံပေါ်မှ ဆင်းကာ တူပျော်ပျော် ယှဉ်တွဲလျက် တဲအိုထဲ၌ ကိုယ်ဆင်းရဲကို ခံနိုင်ကြလေသည်။

စိတ်ချမ်းသာအောင် ပြုပြင်နည်းမှာ အကြောင်းအားလျော်စွာ အတော်များစွာပါရှိ၏။ သို့သော် သူ့အကြောင်းနှင့် သူ့အကြောင်း ထိုက်တန်အောင် ပြုပြင်တတ်ဖို့ကား တော်တော်တန်တန် အသိဉာဏ် ရှိရုံမျှဖြင့် မလွယ်ကူချေ။ အချုပ်မှာ အရှည်ကိုမြော်မြင်၍ ဆိုင်ရာကိစ္စအဝဝကို ကြိုတင်ပြီး စီစဉ်ထားရမည်။ မိမိအစီအစဉ်နှင့် တည့်အောင်လည်း မပျင်းမရိလုံ့လရှိရမည်။ ထိုကဲ့သို့ ဉာဏ်ရော ဝီရိယပါ အရာရာ ပြည့်စုံပါလျက် ကံမကောင်း အကြောင်းမသင့် ဖြစ်ခဲ့ပါသော် (ရည်ရွယ်ချက် မမြောက်ခဲ့သော်) စိတ်အားမငယ်စေနှင့်။ နောက်တစ်မျိုးတိုး၍ ကြိုးစားလေဦး။ ကြိုးစားလျှင် ဘုရားပင်ဖြစ်နိုင်သေးသည်။ ထို့ပြင် လောကဓံကြောင့် မတုန်လှုပ်ဖို့လည်း အရေးကြီးသေး၏။ လောကဓံဆိုသည်ကား လောက၌ တွေ့ကြုံဖို့ရန် ထုံးစံတစ်မျိုးတည်း။

ထိုလောကဓံသည်

၁။ လာဘ ……………    ပစ္စည်းဥစ္စာရခြင်း

၂။ အလာဘ …………… ပစ္စည်းဥစ္စာမရခြင်း

၃။ ယသ ……………      အခြွေအရံများခြင်း

၄။ အယသ ……………   အခြွေအရံမရှိခြင်း

၅။ နိန္ဒာ ……………       အကဲ့ရဲ့ခံရခြင်း

၆။ ပသံသာ ……………  ချီးမွမ်းခံရခြင်း

၇။ သုခ ……………       ကိုယ်-စိတ်ချမ်းသာခြင်း

၈။ ဒုက္ခ ……………       ကိုယ်-စိတ်ဆင်းရဲခြင်း

ဤသို့အားဖြင့် ရှစ်ပါးရှိသည်။

ဤလောကဓံများ၌ မကောင်း ၄ပါး၊ ကောင်း ၄ပါးပါ၏။ ကောင်းသောလောကဓံနှင့် တွေ့ကြုံရသောအခါ ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊ မကောင်းသောလောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အားနွဲ့၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကို တုန်လှုပ်ခြင်းသည်။ ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်သည်။ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီးသည်။ ဝမ်းနည်းမှုမှာ ပြခဲ့သော ဒေါမနဿ သဘောတည်း။ ထို့ကြောင့် အမြဲစိတ်ချမ်းသာခြင်းကို (ဆိုးဆိုးကောင်းကောင်း) သိသိသာသာ စိတ်မပြောင်းဖို့ သတိထားသင့်ကြပေသည်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)

ပရိဒေဝ အကြောင်း

ငိုကြွေးမှုကို “ပရိဒေဝ” ဟုခေါ်၏။ ဤ ပရိဒေဝဟူသည် “ငိုသည်” ပင်ဖြစ်သည်။ သို့သော် ထိုငိုသံဖြစ်ခြင်၏ အကြောင်းအရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာဖြစ်၍ ပရိဒေဝသဘောကိုလည်း ဤနေရာမှာပင် မှတ်သားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာ ဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤဝမ်းနည်းအားငယ်မှုကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှုကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေဝခေါ် ငိုကြွေးသောအသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေဝ”မီးဟု ခေါ်ရာ၌ ငိုတဲ့ အသံကို ခေါ်ခြင်းမဟုတ်။ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ငိုကြွေးလို့ အကျိုးရှိရဲ့လား

ဤငိုကြွေးမှုသည်လည်း စိုးရိမ်မှုကဲ့သို့ ကောင်းကျိုးမရသော တရားတစ်မျိုးပင်။ ချစ်ခင်သူ သို့မဟုတ် အားကိုးလောက်သူ တစ်ယောက်မျက်စိအောက်မှ ရုတ်တရက်ကွယ်ပျောက် သေဆုံးသွားသောအခါ ဝမ်းနည်းပူပန်ကြသည်မှာ ထုံးစံဓမ္မတာလို ဖြစ်နေ၍ အပြစ်မတင်ထိုက်လှပါ။ ဘုရားရှင် ပရိနိဗ္ဗန်စံတော်မူစဉ်က သောတာပန် အရှင်အာနန္ဒာသည်ပင် ငိုရှာပါသေးသည်။ သို့သော် ယခုကာလာလို ဟစ်အော်၍ ငိုခြင်းကာ လိုရင်းစိတ်မချမ်းသာမှုထက် မိမိကို ဝိုင်း၍ သနားအောင် မာယာဆောင်ရွက်မှုက များသလို ဖြစ်နေပါသည်။ (များသည်ဟု အတိအလင်း မဆိုလို) လူတစ်ယောက်၏ ဟစ်အော်၍ ငိုသံသည် ကြားရသမျှလူအပေါင်း၏ စိတ်နှလုံးကို ထိခိုက်စေနိုင်သည်။ ချမ်းသာသုခရှိနေသူများပင် ငိုသံကြားက ချမ်းသာ သုခ ကွယ်ပျောက်၍ ရုတ်တရက် စိတ်ဒုက္ခ ရောက်ရ၏။

ထိုမျှလောက် လူအများကို ချောက်ချားစေနိုင်သော ငိုသံကို တစ်ယောက်ကြား၊ နှစ်ယောက်ကြား၊ တစ်အိမ်ကြား၊ နှစ်အိမ်ကြားမက  တစ်ရပ်လုံး တစ်ရွာလုံး ချောက်ချားအောင် အဘယ်ကြောင့် ဟစ်အော်ငိုကြွေးလိုကြသနည်း။ ထိုမျှလောက် ဟစ်အော်ရာ၌  “မိမိမှာ ချုပ်တည်းနိုင်သော တရားများ တစ်ခုတစ်လေမျှ လက်ဆုပ်လက်ကိုင် မရှိပါ” ဟုဝန်ခံရာ ရောက်လေသည်။ ထိုကြောင့် မလွှဲသာ၍ ပရိဒေဝမီးတောက်လာလျှင် တိုးတိုးသက်သာ ယိုကျလာသော မျက်ရည်ဖြင့် အမြန်ုငြိမ်းအောင် သိမ်းသိမ်းဆည်းဆည်း ငိုခြင်းသာလျှင် လိုရင်းအကျဆုံးဖြစ်ပါသည်။ ထိုထက်ပို၍ စိတ်ကို ချုပ်တည်းနိုင်သော အထက်တန်း သူတော်စင် ပါရမီရှင် ဖြစ်သူကား ကြုံရသော ဒုက္ခကို ငြီးငွေ့သော သံဝေဂတရားဖြင့် ဖြေသိမ့်ထိုက်ကြပါသည်။

အလောင်းတော်၏ ဖြေသိမ့်ပုံ

ဘုရားရှင်နှင့်ယသော်ဓရာ လောင်းလျာ ၂ပါးတို့ တစ်ခုသောဘဝဝယ် ကုဋေများစွာ ကြွယ်ဝသော သူဌေးအဖြစ်မှ စည်းစိမ်ဥစ္စာများကို သဘောတူလှူဒါန်းလျက် ရသေ့ရဟန်းပြုကာ မကွဲမကွာပင် နေကြလေသည်။ ရသေ့မလေး၏ ရုပ်ရည်မှာ လွန်စွာထူးခြားသည့် အပြင် ပြုံးရွှင်သလိုနှင့် ခံညားသော မျက်နှာ  အနေအထားကြောင့် အများပင် ချစ်ခင်လေးစားကြ၏။

ထိုကဲ့သို့ တောထွက်လာခဲ့ရာ သူဌေးမျိုး သူဌေးနွယ် နုနယ်သော ရသေ့မလေးကာ ရှေးကလို မွန်မြတ်သော အစာကို မစားရပဲ ရသေ့ရဟန်းတို၏ စမ္မတာ သစ်ဥ သစ်သီးနှင့် သူပေးလူပေး အာဟာရများဖြင့်စာ မျှတရရှာသောကြောင့် အတော်ကြားလျှင် ဝမ်းသွေးရောဂါဖြင့် လွန်စွာ အားနည်းရှာလေသော် အလောင်းတော်ကိုယ်တိုင် တွဲယူကာ မြို့တခါးအနီး ဇရပ်ကြီးပေါ်မှာ အသာချထား၍ အလောင်းတော်ဘုရား ဆွမ်းခံဝင်တော်မူလေသည်။

ထိုကဲ့သို့ ဆွမ်းခံဝင်နေတော်မူနေတုန်း အချိန်မှပင် ဇရပ်ပေါ်တွင် ကျန်ရစ်သော ရသေ့မကလေးသည် သူ၏ရောဂါဒဏ်ကို ကြာရှည်ခံနိုင်သည့်အလား အလောင်းဘုရား ပြန်ချိန်ကိုမျှ မစောင့်နိုင်ရှာတော့ဘဲ ဘဝဇတ်အသစ်လဲရရှာလေသည်။ ထိုကဲသို့ဖြစ်ပုံကို မြို့တွင်းမှ ထွက်လာသူတို့ တွေ့ကြလေရာ ဆွေမတော်မျိုးမစပ်ပဲ လှိုက်လှိုက်လှဲလှဲ ငိုကြွေးကာ အလောင်းကို ပြင်ကြရှာလေသည်။

ထိုအခိုက်မှာပင် အလောင်းဘုရား ဆွမ်းခံပြန်လာလေသော် မမျှော်လင့်သော အဖြစ်အပျက်ကို ရုတ်တရက်တွေ့ရလျှင် အစွမ်းကုန်ငိုချင်ဖွယ် ကောင်းသော်လည်း ရင့်မာသော အလောင်းဘုရားပီပီ တည်ကြည်သော ဣန္ဒြေဖြင့် ဇရပ်ပေါ်တက်၍ ပြင်ထားသော အလောင်း၏ ဦးခေါင်းဘက်မှ ထိုင်တော်ပြီးလျှင် ၂ ယောက်စာ ခံယူလာသော ဆွမ်းကို တစ်ပါးတည်း ဘုဉ်းပေးတော်မူပြီးမှ များစွာသော ပရိသတ်၏ ပရိဒေဝမီးကို ကြည်လင်အေးမြသော ဩဝါဒရေချမ်းဖြင့် ဆွတ်ဖျန်းငြိမ်းစေတော်မူလေသည်။

မလ္လိကာ စစ်သူကြီးကတော်

ဗန္ဓုလ စစ်သူကြီးကတော် မလ္လိကာ အမျိုးသမီး၏ စိတ်ထားလည်း အားရစရာပင်။ ကောသလမင်း၏ စစ်သူကြီး ဗန္ဓုလနှင့် မလ္လိကာတို့မှာ အမြွှာမွေးစားညီနောင်များဖြစ်ကြသော သားရတနာ ၃ကျိပ်၂ယောက် ထွန်းကားလေသည်။ ထူးခြားသော မိဘနှစ်ဦး၏သားများဖြစ်သည့် အားလျော်စွာ သူတို့ အခြွေအရံများနှင့်တကွ ဖခင်နောက်က ဘုရင့်ထံခစားဝင်ကြလေသောအခါ သူတို့လူစုနှင့်ပင် ပရိသတ်ကြီးတစ်ခု ဖြစ်လေသည်။

ထိုအခြင်းအရာကို မလိုလားသော အမတ်တို့က ဘုရင့်ထံ “တစ်နေ့ကြလျှင် ဗန္ဓုလစစ်သူကြီးက သူ၏သားများနှင့်အတူ တိုင်းပြည်ကိုလုပ်ကြံပါလိမ့်မည်။” ဟုကုန်းချောကြလေရာ နဂိုကပင် အဆင်အခြင်နည်းသော ရှင်ဘုရင်ကြီးသည် အလွယ်တကူ ယုံကြည်၍ သားအဖတစ်စုကို ပရိယာယ်ဖြင့် လီဆယ်ကာ အိမ်တစ်ဆောင်မှာနေခိုက် မီးတိုက်၍ သတ်စေလေသည်။

သားအဖတစ်စု အသတ်ခံရသည့်ညဉ့်၏ နောက်တစ်နေ့နံနက်မှာ မလ္လိကာလည်း ရှင်သာရိပုတ္တရာ အမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ရန် စီမံထား၏။ နံနက်၌ ဆွမ်းကပ်ချိန် နီးလတ်သော် “ညဉ့်တုန်းက သားအဖအားလုံး တစ်ပြိုင်နက် ဆုံးကြောင်း” စာကို မလ္လိကာရရှိလေလျှင် ဟစ်၍သာ ငိုချင်စရာ ကောင်းသော်လည်း မျက်ရည်တစ်စက်မျှ မထွက်စေဘဲ ပြင်ဆင်မြဲဆွမ်းကို ပြင်ဆင်ကာ ထိုစာကို သိမ်းထားလိုက်လေသည်။

မှတ်ချက်

ပြခဲ့သော ဝထ္တုနှစ်ရပ်၌ ဘုရားအလောင်း၏ ပရိဒေဝ မဖြစ်ခြင်းမှာ ပါရမီရှင်ဖြစ်၍ ရှိပါစေဦးတော့၊ မလိ္လကာ၏ ပရိဒေဝချုပ်တည်းနိုင်မှုကား အများပင် အားရဖွယ်၊ အတုယူဖွယ် ကောင်းလှပါသည်။ ထို့ကြောင့် အသက်တစ်ရာမနေရသော်လည်း အမှုတစ်ရာ တွေ့ဖို့လွယ်ကူသော လောကကြီး၌ ပရိဒေဝမီးကို အစွမ်းကုန်ငြှိမ်းသတ်နိုင်မှ သက်သာရာရဖွယ် ရှိရကား ပရိဒေဝဖြစ်လောက်သော ဒုက္ခ၌ “ငါ့ပါရပီ မည်မျှလောက် အခြေတည်မိပြီ” ဟု အကဲခတ်ဖို့ရာ ကြုံလာသော ဒုက္ခမှတ်ကျောက်တွင် ပါရမီကို မှတ်တင်၍ ကြည့်ကြပါကုန်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓ္ဓမာ (ဒုတိယခန်း)

အချိန်ရှိခိုက် လုံ့လစိုက်

ငယ်ရွယ်စဉ်အခါသည် ပညာ၊ ဥစ္စာ၊ ကုသိုလ် ဤ ၃ မျိုးကို မိမိဉာဏ်ရှိသလောက်၊ လိုချင်သလောက် ရှာရမည့်အခါ၊ ရှာဖို့ရန် အခွင့်အလမ်း သာသောအခါဖြစ်သည်။ “ မိုးကုန်မှ ထွန်ချ ” လျှင်အကျိုးရ နည်းရုံသာမက လုံးလုံးမရဘဲလည်း ရှိတတ်သည်။ သို့ရာတွင် အချိန်နှောင်းမှ သတိရသော်လည်း “ ကုသိုလ်မပြုမိတာ မှားပေါ့ ” ဟုနောင်တ မဖြစ်စေသင့်။ အချိန်နှောင်းမှ သတိရခြင်းသည် လုံးလုံးသတိမရသူများစွာသော လူတို့ထက် အပုံကြီးသာပါသေးသည်။

တမ္ဗဒါဌိကမည်သော အဘိုးကြီးသည် အရွယ်ကောင်းတုန်းက သေဒဏ်ကျသူများကို သတ်ဖြတ်ရသောအလုပ်ဖြင့် ဘုရင့်အမှုကို ထမ်းလာခဲ့သည်။ ကောင်းစွာ မသတ်နိုင်သော အဘိုးကြီး အရွယ်ရောက်မှ သူသတ်ရာထူးမှ ထွက်၏။ သေခါနီးဆဲဆဲမှာ အရှင်သာရိပုတ္တရာ နှင့်တွေ့ဆုံ၍ တရားနာရာတွင် သူလုပ်ခဲ့သော အပြစ်နှင့် ယခုတရားသည် အလွန်ကွာခြား၍ နေသောကြောင့် တရားတော်၌ စိတ်မဝင်စားဘဲ ရှိလေသည်။

ထိုအခါ အရှင်သာရိပုမ္မရာက သိတော်မူ၍ “ ဒါယိကာ … အသင်သတ်ချင်လို့ သတ်တာလား၊ အသက်မွေးမှုအတွက် မလွှဲသာ၍ ရှင်ဘုရင်က ခိုင်းလို့ သတ်ရတာလား” ဟုမေးတော်မူလေရာ “ တပည့်တော် သတ်ချင်လို့ မဟုတ်ပါ၊ ရှင်ဘုရင်က ခိုင်းလို့ သတ်ရပါကြောင်း ” လျှောက်လေလျှင် “သည်လိုဆိုလျှင် အပြစ်ရှိသေးသလား” ဟုပရိယာယ်ဖြင့် မေးတော်မူပြီး နောက်ဆက်လက်၍ တရားဟောတော်မူလေသောအခါ “ငါ့မှာ အပြစ်ရှိပုံ မရဘူး” ဟု စိတ်သက်သာပြီးှလျှင် တရားကို စိတ်စိုက်နာရင်း “စူဠ သောတာပန် (သောတာပန်အငယ်=သောတာပန်အတု) ဖြစ်ကာ မကြာခင်စုတေ၍ နတ်ပြည်သို့ ရောက်ရလေသည်။ [ ဤဝတ္ထု၌  ရှင်ဘုရင်က ခိုင်း၍ သတ်ရသော်လည်း ခိုင်းသူရော သတ်သူပါ အပြစ်ရှိ၏။ သို့သော် စိတ်သက်သာရာရအောင် ပရိယာယ်ဖြင့်မေးတော်မူခြင်းဖြစ်သည်။ ]

မှတ်ချက်

ထိုအဘိုးကြီး၌ ပါဏာတိပါတ အပြစ်တွေများစွာ ရှိနေသည်ကား မှန်၏။ သို့သော် ထိုအပြစ်တွေအတွက် ကုက္ကုစ္စ မဖြစ်အောင် ပရိယာယ်ဆောင်၍ မေးတော်မူလိုက်ရာ ကုက္ကုစ္စ ငြိမ်းအေးသွားလေသည်။ ကုက္ကုစ္စ ငြိမ်းအေးပြီးမှ တရား၌ စိတ်စိုက်သော ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်ရလေသည်။ သို့ဖြစ်၍ မည်သူမဆို ပြုခဲ့ပြီးသော အကုသိုလ်အတွက်လည်း မပူပန်ရ။ ကုသိုလ်ကို မပြုခဲ့သေး၍ နောင်တမဖြစ်စေဘဲ ပြခဲ့သော နည်းဖြင့် အကုသိုလ် အသစ်မဖြစ်အောင်သာ ကြိုးစားလျက် သတိရသောအရွယ်ကစ၍ ကုသိုလ်ကို အားထုတ်သင့်ကြပေသည်။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓမ္မာ (ဒုတိယ အခန်း)

သိကြားမင်းတရားမေ့ပုံ

သောတာပန်ဖြစ်ပြီးသောသိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရှုစားဖို့ရန် အခြွေအရံများစွာဖြင့် ဧရာဝဏ်ဆင်ကို စီး၍ ထွက်လာ၏။ ဥယျာဉ်တံခါးပေါက်သို ့ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ်ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ်ပြဿနာတည်း။

ထိုသို့ပြဿနာမေးလျှောက်လိုသောစိတ်အကြံသည် ဥယျာဉ်တွင်းဝယ် ပွဲသဘင်အလယ်သို့ရောက်လျှင် မေ့ပျောက်သွားဖွယ်ရှိသောကြောင့် “ယခုပင် သွား၍မေးလျှောက်မည်” ဟု  ကြံစည်ကာ ဧရာဝဏ်ဆင်ပေါ်မှ ကွယ်ပျောက်၍ ဘုရားထံ အရောက်လာခဲ့လေသည်။ ဆင်ကြီးလည်း ဥယျာဉ်အပေါက်မှာရပ်၍နေရစ်၏။ နောက်ပါအခြံအရံများမှာလည်း ဥယျာဉ်ပေါက်မှာ ကျန်ရစ်ကြလေသည်။

ပုဗ္ဗာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူခိုက်ဖြစ်သော် ဘုရားအထံသို့ ရောက်သောအခါ ဥယျာဉ်ပွဲကနောက်ဆံတင်းလျက် ရှိသောကြောင့် “တဏှာသင်္ခယ- နိဗ္ဗာန်၌ လွတ်လွတ်ကျွတ်ကျွတ် အာရုံပြုနိုင်သော ရဟန္တာ၏ ကျင့်နိုင်သော လမ်းစဉ်တရားကို ခပ်တိုတိုအမိန့်ရှိပါ” ဟုလျှောက်လေ၏။ ဘုရားရှင်လည်း သူ၏လျှောက်ထားချက်အရ တိုတိုပင်ဖြေတော်မူသည်မှာ သိကြားမင်း …. ရဟန္တာဖြစ်မည့် ရဟန်းသည် “အလုံးစုံသောတရားကို ငါ ၊ ငါ့ဥစ္စာဟု နှလုံးသွင်းခြင်း ၊ စွဲလမ်းခြင်းငှာမထိုက်”  ဟု တရားစကားကို ကြားနာရ၏။ ထိုရဟန်းသည် (ခန္ဓာငါးပါး)တရားအားလုံးကို သိအောင်ကြိုးစား၏။ သိသောအခါ အားလုံးဒုက္ခချည်းပဲဟု သိပြန်၏။ ဒုက္ခချည်းပဲဟု သိပြီးနောက် ဘာမဆို ခံစားရသမျှ ဝါသနာကို အနိစ္စ စသဖြင့်  ရှု၍ရှု၍ နေ၏။ ထိုသို့ ရှုဖန်များသော် ဘာတစ်ခုကိုမျှ မစွဲလမ်းတော့ဘဲ နောက်ဆုံး၌ ရဟန္တာဖြစ်ကာ တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ လွတ်လွတ်ကျွတ်ကျွတ် မြန်းနိုင်လေသည်။

သိကြားမင်းသည် ဤသို့အကျဉ်းမျှဖော်ပြအပ်သော အဖြေကို လွန်စွာသဘောကျ ဝမ်းမြောက်လှ၍ “သာဓု-သာဓု” ဟု အသံပြုလျက် နတ်ပြည်သို့ ပြန်လေသည်။ ထိုသာဓုခေါ်သံကို ဘုရားကျောင်းတော်၏ ဝဲဘက်ခန်းဆောင်မှာ သီတင်းသုံးနေသော အရှင်မောဂ္ဂလာန်ကြား၍ “ဒီသိကြားဟာ တရားကိုသိလို့ သာဓုခေါ်တာလား၊ မသိဘဲနှင့် သာဓုခေါ်တာလား” ဟုစဉ်းစား၍ သိကြားကို စုံစမ်းလိုသောကြောင့် သိကြားနှင့်ရှေ့ဆင့်နောက်ဆင့်လိုက်ကာ တာဝတိံသာသို့ တက်သွားလေသော်…..

ဘုရားထံမှ တရားနာ၍ ပြန်သွားသော  သောတာပန်သိကြားမင်းလည်း ဥယျာဉ်တွင်းမှာ တီးကြ မှုတ်ကြ ကကြ ပြကြ သည်က်ို နှစ်သက်အားရ ရှုမဝဖြစ်နေစဉ် အရှင်မောဂ္ဂလာန်ကိုမြင်၍ (ပွဲကြည့်နေသော ကျောင်းဒကာက ဆရာတော်ကြီးလာသည်ကို မြင်ရသည့်ပမာ) ခပ်ရှက်ရှက်မျက်နှာဖြင့် အရှင်မောဂ္ဂလာန်ကို ခရီးဦးကြိုပြုလျက် နှုတ်ဆက်စကား လျှောက်ထားရလေတော့သည်။ ထိုသို့ တွေ့လျှင် တွေ့ချင်းပင် အရှင်မောဂ္ဂလာန်ကပင် သိကြားမင်းကို ပြောသည်မှာ “မြတ်စွာဘုရားက အသင်သိကြားအား တဏှာသင်္ခယ-ဝိမုတ္တိအကြောင်းကို ဘယ်လိုဟောလိုက်ပါသလဲ။ ငါတို့လည်း ထိုတရားကို တစ်ဆင့်နာပါရစေ” ဤသို့ပြောလျှင် ထိုတရားကို သိကြားမင်းစဉ်းစား၏။ ပေါ်မလာချေ။ အထပ်ထပ်စဉ်းစားသော်လည်း လုံးလုံးသတိမရသဖြင့် နာယူတုန်းက မှတ်မှတ်သားသားနာယူခဲ့သော်လည်း နတ်ပြည်ကိစ္စများသည့်အတွက် မေ့ရကြောင်းကို အရှက်ပြေလျှောက်လေ၏။

[မူလပဏ္ဏသ ၊စူဠတဏှာသင်္ခယသုတ်မှ ကောက်နှုတ်ချက် ။ ]

ဤ တရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည် တရားအာရုံမေ့အောင် မှိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုယ်အားဖြင့် သတိကောင်းဉာဏ်ထက်၍ အလွန်သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်းဖြစ်ပြီးပေပြီ။ နာခဲ့ရသောတရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏အဖြေ တရားအကျဉ်းမျှသာဖြစ်၏။ ရှင်မောဂ္ဂလာန်မေးချိန်နှင့် ထိုတရားနာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။သို့ပါလျက် ဥယျာဉ်ပွဲ၏မှိုင်းတိုက်မှုကြောင့် စဉ်းစား၍ မရနိုင်အောင်ပင် မေ့ရလေသည်။

(၁)  ဤဝတ္ထုကိုထောက်ထား၍ မိမိတို ့အတွက်လေးလေးနက်နက် စဉ်းစားသင့်၏။ “မိမိကိုယ်ကို သူတော်ကောင်းဟုတ်ပါသည်” ဟု ဝန်ခံနိုင်သော သူတော်ကောင်းမှန်လျှင် နောင်ဘဝအတွက် ဂတိကောင်းဖို့များပါ၏။သို့သော် ထိုရောက်ရမည့်ဂတိကား လူနှင့်နတ်ဘဝသာ ဖြစ်ပါသည်။ ဈာန်မရ၍ ဗြဟ္မာမဖြစ်နိုင်။ ရဟန္တာမဟုတ်သေး၍နိဗ္ဗာန်မရနိုင်ပါ။ အထက်နတ်ဖြစ်ခဲ့သော် သိကြားမင်းလို အရိယာပုဂ္ဂိုလ်သော်မှ မေ့ရပုံကို ထောက်၍ မိမိတို့အတွက်သိပြီး တရားကလေးများ မေ့ပျောက်သွားမည်ကို မစိုးရိမ်ရပါလော။

(၂)  တရားမေ့၍ နတ်တို့ဓလေ့ဖြင့် အပျော်ကြီးပျော်မွေ့နေစဉ် (ပုထုစဉ်ဘဝဖြင့်) စုတေချိန် ရောက်သောအခါ မိမိစည်းစိမ်ကို တမ်းတ၍ နွမ်းလျအားငယ်စွာ စုတေရပါမူ အပါယ် ၄ ပါးသို့ တစ်ဆင့်သွားဖို့အရေး မဝေးလှတော့ပါ။ တစ်ခါတုန်းက နတ်သမီးငါးရာတို့သည် ဥယျာဉ်အတွင်းဝယ် ပန်းပင်တက်၍ ပန်းခူးရင်း သီချင်းကြူနေကြစဉ် ရုတ်တရက်စုတေကာ အဝီစိသို့ ရောက်သွားကြဖူးပါသည်။

(၃)  တစ်ဖန် နောက်တစ်ချိန်ရောက်မည့် လူ့ဘဝကို တွေးလျှင်လည်း စိတ်အေးဖွယ်မရှိလှပါ။ ရှင်းပါဦးမည်။ သူတော်ကောင်းအနေဖြင့် လူတစ်ယောက်၏တန်ဖိုးကို စဉ်းစားလျှင် (၁)ဘုရားသာသနာတော်နှင့် ကြုံတွေ့ရခြင်း၊ (၂) အားလုံးမဟုတ်စေကာမူ လူအများစုက လူကောင်းသူကောင်းများဖြစ်ကြခြင်း၊ (၃) ဆရာမိဘတို့က သူတော်ကောင်းများဖြစ်ကြခြင်း၊ (၄) အလွန်မဆင်းရဲဘဲ အထိုက်အလျောက် ချမ်းသာသောအမျိုး၌ဖြစ်ရခြင်း။ ဤအကြောင်းများစုံညီမှ လူ့ဘဝ ရကျိုးနပ်လိမ့်မည်။

(၄)  ဘုရားသာသနာတော်အရေးကို စဉ်းစားလျှင် ယခုအချိန်မှာပင် ပုဂ္ဂိုလ်ကောင်းကို အတော်ရှာမှရနိုင်သော အချိန်ဖြစ်နေပြီ။ လောကီအာရုံတွေကလည်း သောင်းကျန်း၊ ဂုဏ်ပကာသနာသနနှင့် လိုက်စားသူလည်းများ၊ လူဒကာ ဒကာမတို့လည်း သီလ သမာဓိ ပညာရှိထက် ဂုဏ်ရှိသူကို ကိုးကွယ်လိုကြ၊ ဂုဏ်ရှိအောင်လည်း ဟိုကပ်သည်ကပ်နှင့် ကပ်ကြ၊ လူအချင်းချင်း ဂုဏ်သတင်းလွှင့်ကြနှင့် သာသနာ့ဝန်ထမ်းများအတွက် ခေါင်းကမိုးယိုနေလေပြီ။

(၅)  သာသနာကို ယခုကိုးကွယ်နေကြသော (သာသနာ ဒယကာဆိုသူတို့၏ ) သားသမီးများကို သာသနာ့ဝန်ထမ်းရဟန်းတော်များက သင်ကြားပေးမှုသည် တစ်စတစ်စ လက်လွတ်၍ လာခဲ့ရာ ယခုအခါမှာ တချို့ဘုန်းကြီးကျောင်း၌ ကျောင်းသားဟူ၍ မရှိတော့ပါ။ကျောင်းသားမရှိလျှင် ရှင်သာမဏေ (အမြဲနေ) မရှိနိုင်၊ ရှင်သာမဏေ မရှိလျှင် ရှင်သာမဏေဘဝ၌ စာသင်၍စာတတ်သော ရဟန်းလည်းမရှိနိုင်။ သိပ်မကြာသော နောင်အခါဝယ် များစွာသော ကျေးရွာတို့၌ တောထွက်ရဟန်းကြီးတွေသာ ကျောင်းကြီးကန်ကြီးပေါ်ဝယ် စက်တော်ခေါ်၍ နေရစ်ကြလေလိမ့်မည်။

(၆)  တစ်ဖန်–သာသနာကို ပစ္စည်း (၄) ပါးဖြင့်ထောက်ပံ့ရသော ဒကာဒကာမများဘက်ကို ဆက်လက်စဉ်းစားပြန်လျှင် ယခုအခါ ကလေးတွေသင်ယူနေကြ သော  ပညာသည် လောကီအတွက် တစ်ဘဝမျှ အကျိုးပေးနိုင်သော ခေတ်မီပညာကား ဟုတ်လောက်စရာရှိပါ၏။ သို့သော် ထိုပညာသည် မဂ် ဖိုလ် နိဗ္ဗာန်ယုံကြည်ဖို့မဆိုထားဘိ ကံနှင့်ကံ၏အကျိုးကိုမျှ နားလည်စေနိုုင်သော ပညာပင်ပါရှိ၏လော။ ထိုသို့မပါလျှင် နတ်ပြည်ဗြဟ္မာ့ပြည်ကို မယုံလျှင် ငရဲပြိတ္တာကို ယုံဦးမည်လော။ ထိုသို့မယုံသူသည် ရဟန်းသံဃာတို့အား ပစ္စည်း(၄)ပါးမဆိုထားဘိ ဝမ်းဝရုံမျှ ဆွမ်းပေးဖို့ သတ်ိရဦးပါမည်လော။

(၇)  ထို့ပြင်- ယခုပညာသင်နေသောကလေးများ ကြီးရင့်သောအခါ ရှေးတုန်းကလို မိဘမွေအနှစ်ကို များများစားစားရကြတော့မည်မဟုတ်။ သူတို့၏ကျောင်းစရိတ်ကိုပင် များစွာသော မိဘတို့မနိုင်တနိုင်ကြိုးစားနေကြရလေပြီ။ လူတို့အသုံးအဆေင် အလှအပ ပကာသနတွေကလည်း တစ်စထက်တစ်စ တိုး၍တိုး၍လာတော့သည်။ ယခုကလေးများကျောင်းမှထွင်၍ အသက်မွေးသောအခါ သူတို့ပညာသည် သူတို့၏ အိမ်သူအိမ်သားများပါဝမ်းဝ၍ ခါးလှရုံကိုပင် အင်မတန် ကြိုးစားနိုင်မှ(သို့မဟုတ်-မတရားရှာနိုင်မှ) တော်ရုံကြပေလိမ့်မည်။ ထိုမျှလောက် အသက်မွေးခဲယဉ်းချိန်ဝယ် အဘယ်မှာလျှင်သာသနာကို ထောက်ပံ့နိုင်တော့မည်နည်း။

၈)  တစ်နည်းစဉ်းစားပြန်လျှင် သာသနာ့ဝန်ထမ်းရဟန်းတော်တို့မှာ ကလေးများကို ဘာသာရေးအဝါးဝ၍ လောကီအသက်မွေးဝမ်းကြောင်း အခြေခံရအောင် သင်ပြဖို့တာဝန်ရှိနေသည်။ အရာရာပြုပြင်လျှင် သင်ပြနိုင်မည့် အခြေအနေလည်းလုံလုံလောက်လောက် ရှိ၏။ သို့သော်ယနေ့တိုင်အောင် (အချို့ကျောင်းများမှတစ်ပါး အများအပြားက) မစဉ်းစားကြသေးချေ။ ထိုသို့မစဉ်းစားရုံသာမက အသွားအလာ အနေအထိုင်မှစ၍ ခေတ်လူတို့၏စိတ်ကို ဆွဲငင်လောက်အောင် မကြိုးစားကြသဖြင့် ခေတ်ပညာတတ်သူတို့၏ အထင်သေးအမြင်သေးကိုသာ အများစုကခံနေရလေသည်။ သို့ဖြစ်လျှင် ထိုခေတ်ပညာတတ် လူအများသည် ဗုဒ္ဓမြတ်စွာ၏သာသနာတော်ကို အားပေးလိုကြလိမ့်မည်လော။ ထိုအချက်များကို တွေးပြန်သော် သာသနာဆုတ်ယုတ်ဖို့ရေးသာလျှင် နီးသည်ထက်နီးလာသည်ကို တွေ့ရပါသည်။

၉)  နောင်လာမည့်ဘဝ၌ လူအများစုက လူကောင်းသူကောင်းဖြစ်ဖို့လည်း မလွယ်ကူတော့ချေ။ ထင်ရှားစေအံ့- လူကောင်းသူကောင်းခေတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ- ဤတရား(၃)ပါး ထွန်းကားသောခေတ်တည်း။ ယခုမျက်မြင်မှာကား တစ်ယောက်အပေါ် တစ်ယောက်က ကောင်းကျိုးလိုလားသော မေတ္တာအစစ်နည်းပါးလှလေပြီ။ မေတ္တာမရှိလျှင် ဆင်းရဲသူကိုမြင်၍ သနားသောကရုဏာနှင့် ချမ်းသာသူကိုမြင်၍ ဝမ်းမြောက်သော မုဒိတာလည်း မဖြစ်နိုင်တော့ပါ။ ယခုဖြစ်နေသည်မှာ တစ်ယောက်ကောင်းစားသည်ကို အခြားတစ်ယောက်က မနာလိုသော ဣသာ၊ မိမိကဲ့သို့ကြီးပွားမည်ကို စိုးရိမ်သော မစ္ဆရိယ၊ အထက်တန်းရောက်နေသောသူက စိတ်ကြီးဝင်သော အထက်တန်း မာန၊ အောက်ကျသောသူသည် “ဘာ အရေးစိုက်ရမှာတုန်း” ဟူသော အောက်တန်းမာနတွေ ဝေဆာလျက် ရှိလေသည်။

(၁၀)ထို့ပြင် လိုချင်ဖွယ်အာရုံ၊ ခံစားဖွယ် ကာမဂုဏ်တွေလည်း တနေ့တခြား တိုးပွားလာရကား (မီးသည်လောင်စာ ရှိသလောက် လိုက်၍လောင်သလို) ယခု လူတို့သန္တာန်၌ လောဘ ကလည်း အာရုံများသလောက် ကြီးမား၍လာလေသည်။ လောဘအလိုကို မဖြည့်နိုင်သောအခါ သတ်မှု ဖြတ်မှု တိုက်ခိုက်မှု စစ်ဖြစ်မှု တိုင်အောင် ဒေါသတွေလည်း တရှူးရှူး တရှဲရှဲ နှင့် တကဲကဲ ဖြစ်၍နေလေတော့၏။ ဤသို့ အကောင်းတရားတွေ ထွန်းကားနေသော ယခုခေတ်မှာပင် လူကောင်းသူကောင်းရှားပါးနေရကား နောင်ကာလဝယ် အဘယ်မှာယခုထက်ပို၍ မဆိုးဝါးဘဲ နေတော့မည်နည်း။

(၁၁)ထိုသို့ လူကောင်းသူကောင်း အလွန်နည်းပါးမည့် နောက်ကာလ၌ မိဘကောင်း ဆရာကောင်းလည်းရနိုင်တော့မည်မဟုတ်ပါ။ ထုိုသို့အားကိုးစရာ မိဘကောင်း ဆရာကောင်းမရှိဘဲ မတရားလူများ၏အလယ်မှာ မိမိတစ်ယောက်လူကောင်းကလေးဖြစ်ဖို့လည်း မလွယ်ကူပါ။ ထို့ကြောင့် နတ်ပြည်မှာ မှိုုင်းတိုက်မည့် အာရုံများ၌ သွားဖို့ခက်သလို လူ့ပြည်မှာလည်း အကုသိုလ်ထွန်းကားတော့မည့်အတွက် လူပြန်ဖြစ်ဖို့ ခက်လှပါတော့သည်။

(၁၂) ဤနေရာဝယ် မိမိစဉ်းစားမိသော အကြောင်းတစ်ခုကို ညွှန်ပြပါမည်။ လွန်ခဲ့သော (၁၃၁၉-ခု) ပြာသိုလက ရန်ကုန်သို့ သိမ်သမုတ်ကိစ္စဖြင့် သွား၍ ပြန်မည့်နေ့ဝယ် ဘူတာကြီး၌ အကြောင်းအားလျော်စွာ စောစောရောက်နေ၏။ မီးရထားတွဲထိုးမည့်နေရာဘက်ကို ကျောပေးလျက် လိုက်ပို့သော ဘုန်းတော်ကြီးတစ်ပါးနှင့် အတူ စကားပြောနေစဉ် ရထားတွဲထိုးသဖြင့် လူအများလှုပ်ရှားသံကြား၍ စကားဖြတ်ပြီးလှည့်ကြည့်လိုက်ရာ နေ့စဉ်ထုံးစံအတိုင်းအလုအယက် နေရာယူနေကြသော လူအများကို မြင်ရပါသည်။`

(၁၃) ထိုအခါ စဉ်းစားမိသည်မှာ ဤလူများ၏ အကြာဆုံးရထားစီးရမည့်အချိန်မှာ (၂)ရက်နီးနီးနှင့် တစ်ညသာဖြစ်၏။ ထိုမျှအချိန်အတွင်း၌ နေရာကောင်းမရလျှင် ဆင်းရဲမည်စိုး၍  အလုအယက်နေရာယူကြသည်။ တစ်ချို့လည်းငွေပိုပေး၍ သီးခြားနေရာရအောင် ကြိုးစားရသည်။ ထိုမျှမက ရထားပေါ်မှာ စိတ်ချရသော အဖော်ကိုလည်း ရှာကြသေးသည်။ မတော်လို့များနေရာကောင်းမရပြန်လျှင် အလွန်ပင်စိတ်မကောင်းဖြစ်၏။ မိမိနေရာအနီးက လူကိုကြည့်၍ ရိုးသားပုံမရလျှင် တစ်လမ်းလုံး စိတ်မချကြ။

(၁၄) ဤ(၂)ရက်တစ်ညအချိန်အတွင်း ဆင်းရဲမည့်အရေးက်ို တွေးကာ ဤမျှလောက် နေရာကောင်းကြိုးစားသူတို့သည် နောက်ဘဝ ဟိုနောက်နောက်ဘဝတို့အတွက် နိဗ္ဗာန်အထိနေရာကောင်း ၊ အဖော်ကောင်းရအောင် အဘယ့်ကြောင့် မကြိုးစားဘဲ အေးစက်စက် နေကြပါလိမ့်မည်နည်း။ မတော်တဆ ခြေချော်လက်ချော် ဆိုသလို အပါယ်(၄)ပါးရောက်သွားလျှင် တစ်ဘဝလုံး ဆင်းရဲရုံသာမာက အဆက်ဆက် အကုသိုလ်တိုးပွား၍ အဆက်ဆက်နေရာကောင်း မရဘဲ ရှိနိုင်သည်။ လူ့ဘဝရောက်သော်လည်း လူနုံလူမွဲ လူဆင်းရဲ ဖြစ်၍ တစ်ဘဝလုံး အောက်ကျ နောက်ကျ ဒုက္ခရောက်နိုင်သည်။ သို့ပါလျက် ရထားစီးဖို့ ခရီးတိုလေးအတွက် ကြိုးစားသလောက်မျှ နောက်ဘဝ၌ နေရာကောင်းရအောင် မကြိုးစားဘဲ နေကြခြင်းကား ထိုင်းမှိုင်းတွေဝေ အရှည်ကိုမြော်တတ်သော အသိဉာဏ်ကင်း၍ ဖျင်းလွန်း ညံ့လွန်းကြလေစွတကား၊ ဤသို့စဉ်းစားကာ ဤအကြောင်းကိုပင် လိုက်ပို့သော ဘုန်းတော်ကြီးအား ပြောပြခဲ့မိပါသည်။

(၁၅) ပြခဲ့သော စဉ်းစားဖွယ်တို့ကို ဤကျမ်းစာရှုသူများလည်း လေးလေးနက်နက်စဉ်းစား၍ လက်လှမ်းမီတရားထူးက်ို ရအောင်သော်လည်းကြိုးစားသင့်ကြ၏။ ရှေးဘဝက အထုံဝါသနာပါခဲ့သည့် အတိုင်း အထက်တန်းပါရမီကို ဖြည့်ကျင့်နေသူ ဖြစ်လျှင်လည်း အကုသိုလ်နည်းအောင်သတိထား၍ ဒါန သီလ စသော ပါရမီများကို အနှစ်အမြုတေတည်လျက် မပျက်နိုင်အောင် အလွန်ကြိုးစားသင့်၏။ ထိုသို့ ကြိုးစားလျှင်ကား နတ်ပြည်၌လည်း နတ်သူတော်ကောင်း၊ လူ့ပြည်၌လည်း ထူးခြားသော လူသူတော်ကောင်းများ ဖြစ်၍ (ရှေးအလောင်းတော်တို့ သာသနာပ၌ပင် ပါရမီတော် ဖြည့်ကျင့်တော်မူကြသကဲ့သို့) ရင့်သည်ထက် ရင့်အောင် ပါရမီဖြည့်ကျင့်နိုင်ကြပါလိမ့်သတည်း။

(အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ   မှ ကောက်နှုတ်ချက်။ ။)

မှတ်ချက်။ ။ဤအရှင်ဇနကာဘိဝံသ ၏ တရားတော်ကို ကိုသူရိယကိုယ်စားတင်ပေးခြင်းဖြစ်ပါသည်..။ မြင့်မိုရ်မှ ကူညီစာစီပါသည်..။

 

မေတ္တာအကြောင်း

“မေတ္တာ” ဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ ရှေ့၌ပြခဲ့သော အဒေါသ-စေတသိက် ကိုပင် သတ္တဝါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ” ဟုခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား – မေတ္တာပွား” ဟုဆိုခဲ့လေသည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောင့်ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟုမှတ်ပါ။

မေတ္တာအတု

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များသည် တစ်ယောက်အကျိုး တစ်ယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ်မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသော အချစ်” တည်း။

ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါ မည်သူကစ၍ ပွားများရပါသနည်း” ဟု သူ၏ဆရာ့အထံ လျှောက်လေရာ၊ ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်” ဟူမိန့်သဖြင့် ညဉ့်အခါ အိပ်ခန်းအပြင်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျင် ဇနီးအပေါ်၌ ချစ်ခင်မှု တိုးလာရကာ ချက်ချင်းထ၍ ဇနီးထံသွားလေသည်။ သို့သော် အတွင်းက မင်းတုပ်ထိုးထားသဖြင့် ဝင်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းနဲ့ဝှေ့ကာ မေတ္တာအကျိုးကို ခံစားနေရသတဲ့။ ထိုကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ” ဟုမှတ်ရမည်။

နွားမကြီး၏ မေတ္တာ

ထိုတဏှာပေမျိုးဖြင့် ချစ်ခင်နေသူ၏အပေါ်မှာ “မည်သည့်အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ်မဖြစ်နိုင်” ဟုမဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ်နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့်ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့ဆိုလျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။

သာမာဝတီ၏ မေတ္တာ

ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မဂဏ္ဍီ၊ ဝါသုလဒတ္တဒေဝီ ဟု မိဖုရား ၃ ယောက် ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။ မဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစဉ်ဘဝကပင် ဘုရားရှင်အပေါ် ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွားများနေသူဖြစ်သည်။ ဥတေနမင်းသည် မိဖုရား ၃ ယောက်တို့၏ အဆောင်ဝယ် တစ်လှည့်စီစံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တစ်ဦးတည်း။

အခါတပါး၌ သာမာဝတီအထံ အဆောင်တော်ကူးရန် နီးလေသော် မဂပဏ္ဍီသည် သူ၏ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွားထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင်မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်တော်သို့ ကူးသွားလေရာ၊ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်တည်ပြီးနောက် သလွန်ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကာ ရှူးခနဲ့ ထွက်ခါ ဘုရင့်ဦးခေါင်းအနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့်စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကိုလည်း သူ့စကားကို နားမထောင်သဖြင့် ယခုလိုဖြစ်ရသည်ဟု အပြစ်တင်လေသည်။

ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာ ထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကြလေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင်ထိပ်ထားလေးက သူ၏ မောင်းမမိဿများကို ဩဝါဒ ပေးသည်မှာ “အမိတို့ … မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ပေါ် အနည်းငယ်မျှ စိတ်မကွက်ကြလေနဲ့နော်။ ယခုလို အခါမျိုးမှာ မေတ္တာ မှတစ်ပါး အားကိုးရာ မရှိပေဘူး။ အမိတို့ ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ ကြိုးစား၍ပွားများကြပါ။”

ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်လာသော အသက်ဘေးကို အရေးတကြီးမစဉ်းစားပဲ မေတ္တာကိုသာပွားများကြလေသည်။ ဥတေနမင်းကာ အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တစ်အားကုန်လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန် ရှေ့မတိုးဘဲ ပစ်သူအထံမြားပြန်၍ ခလေသာ် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။

ဝတ္ထုမှတ်ချက်

မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသော အခါကျမှ လွန်စွာ ကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်လေသည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။

နည်းယူဖွယ်

ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးမူသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာမစ္ဆရိယများကို သူများကိုအတုံ့ပြန်၍ ရန်မမူမိစေပဲ မိမိစိတ်ကိုသာ ကောင်းသည့်ထက် ကောင်းအောင်ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့်ကြုံလာလျှင် မိမိကိုမလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။

(မေတ္တာသည် ရေနှင့်တူ၏၊ ဒေါသသည် မီးနှင့်တူ၏၊ ရေများလေ မီးငြိမ်းလေ။ ထိုကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။)

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓမ္မာ (တတိယ အခန်း)

အသိနှင့် ကိုယ်ကျင့်

အသိသည် အသိသာ၊ ကိုယ်ကျင့်မဟုတ်၊ သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။ ကျမ်းစာတို့သည် သိအောင်သာ ညွှန်ပြနိုင်၏။ ကျင့်၍ မပေးနိုင်ကြ။ ယခုကာလ စာပေလိုက်စားသူ၊ အဆုံးအမ များများ ခံရသူတို့သည် အသိမနည်းလှချေ။ သို့သော် ထိုသိသူများတွင် အထိုက်အလျှောက် စောင့်စည်းသူ သတိထားသူကား အလွန်နည်းပါးလှ၏။ ထိုကဲ့သို့ လူစားတွေပေါများနေသော ဤလောကကြီးဝယ် လူကောင်းသူကောင်းများပင် စိတ်ထားကောင်းထားဖို့ ခက်ယဉ်းလေတော့သည်။

မှန်၏ – ဒါနပြုရာမှာပင် ပကာသနဒါနတွေ ပေါများရကာ ဒါနစစ်စစ် ပြုလုပ်လိုပါလျက် ပတ်ဝန်းကျင် အခြေအနေကြောင့် မိမိလည်း ပကာသနဒါနကိုသာ ပြုရသဖြင့် သူတောင်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။ ထိုပကာသနဒါနပြုသူများလည်း အကျိုးမရသောကြောင့် (ရသော်လည်း အကျိုးနည်း) ကိုသိကြ၏။ သို့သော် ဂုဏ်ပကာသန ကိုမက်သော တဏှာ၏ စနက်ကြောင့် သိပါလျက်နဲ့ မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရလေတော့သည်။

ကျားငစဉ်းလဲ အကြောင်း

ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့်ကိုယ်ကျင့် တခြားဆီဖြစ်၍ နေကြောင်းကို ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်များကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တနေ့သ၌ တောသွားတောလာ တို့ ကြားလောက်အောင် ဟစ်အော်သည်မှာ- “ အို- အိုခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်” ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍ အနားလာပြီးလျှင် ”ဘယ်မှာလဲ ရွှေလက်ကောက်” မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက် ကို ပြလေသောအခါ ထိုခရီးသည်က “သူတပါးအသက်ကို သတ်ဖြတ်စားသောက်လေ့ရှိသော အသင်၏အနား၌ ဘယ်နှယ့်လုပ်ပီး အကျွမ်းတဝင် ယူငင်ဝံ့ပါမည်လဲ” ဟုပြောလေသော် ကျားကြီးက ပြောသည်မှာ “ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍ သူများကို သတ်ဖြတ်ခဲ့သည်။ ထိုသို့ သူများကို သတ်မိခဲ့၍ ကာလဝိပါတ် နောက်ပိုးတက် သဖြင့် ကျွန်ု သားသမီးနှင့် မယားလည်းဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီး အလှူဒါနပြုလျက် တရားကျင့်လော့” ဟု ဩဝါဒ ပေးခဲ့သောကြောင့် ထိုဩဝါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ လက်သည်းခြေသည်းနှင့် သွားများလည်း လျှောကျကုန်ပြီဖြစ်၍ အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါတော့မည်လဲ။ ကျွန်ုပ်မှာ လောဘဆိုလို့ အလွန်နည်းပါးနေပါပြီ။ ကျွန်ုပ်၏ လက်မှာရှိနေသော ဤရွှေလက်ကောက်ကို တစ်စုံတစ်ယောက်အား ပေးချင်နေတာကိုကြည့်ပါတော့။ သည်တော့ကာ ကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့မည်လဲ။ ကျွန်ုပ်ကြားဖူးသော တရားစုမှာလည်း “သူများမယားကို ကိုယ်၏မိခင်လို သဘောထား၍ သူများ ဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တဝါဟူသမျှကို ကိုယ်နှင့်မခြားအောင် စိတ်ထားနိုင်မှ ပညာရှိသူတော်ကောင်း” ဟုမိန့်ဆိုချက်ရှိလေတော့ ကျွန်ုပ်လို တရားသိ သူတော်ကောင်း တစ်ယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ။ သို့ဖြစ်၍ ဤရေအိုင်မှာ ရေဆင်းချိုးပြီး စင်စင်ကြယ်ကြယ်နှင့် ကျွန်ုပ် လက်ကောက်ကို အလှူခံပါ” ဟုပြောလေသော် – ထိုစကားကို ယုံကြည့်မိသော ခရီးသွားသည် ရေချိူရန် ဆင်းလျင်ဆင်းခြင်း ညွှန်၌ ကျွံလေ၏။ ထိုအခါ သူတော်စင်ကျားကြီးက “ ဟား..ဟား… ညွှန်ထဲ နစ်နေသကိုး ကျွန်ုပ် ဆယ်ပါ့မယ်” ဟုပြောပြောဆိုဆို အနားကပ်ကာ သတ်စားလေသည်။

ဤပုံဝတ္ထုကို ထောက်၍ အသိသည် အသိမျှသာဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့် စဉ်းလဲတတ်သဖြင့် မသိ၍ဆိုးရွားနေသူတို့ထက်ပင် ကြောက်ဖွယ် ကောင်းကြောင်း နားလည်ကာ ဤကျမ်းစားရှုသူတို့မှာ သိရုံနှင့် မပြီးကြပဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်းသူချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ထပ်လောင်း၍ သတိပေးရပါသတည်း။

အရှင်ဇနကာဘိဝံသ

ကိုယ်ကျင့်အဘိဓမ္မာ (ဧကဒဿမ အခန်း)

%d bloggers like this: