မြင့်မြတ်သူတို့ရဲ့အလုပ် (၁)


ပါရမီရဲ့ ထူးခြားချက်တစ်ခုက ပရဟိတအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် အလုပ်ပြီးမြောက်တဲ့အထိ အဆုံးအထိလုပ်ပေးရပါတယ်။ ပြီးတော့ ပါရမီတစ်ခုကို ဦးတည်ပြီး ပြုပေမဲ့ ကျန်တဲ့ပါရမီ (၉)ပါးကလည်း စိတ်ထားတက်ရင် ထားတက်သလို တွဲပြီးပါသွားတက်ပါတယ်တဲ့။
ဒါကိုလည်း လယ်တီဆရာတော်ဘုရားကြီးက ဥတ္တမပုရိသဒီပနီမှာ မဟာကပိဇာတ်ကို ထုတ်ပြပြီး တစ်ခုချင်း ဆင့်ပွားရေတွက်ပြထားပါတယ်။
တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏားတစ်ယောက်ဟာ လယ်ကွင်းမှာ လယ်ထွန်နေပါတယ်။ အတော်အတန်ပြီးတော့ နွားတွေကို အနားပေးတဲ့အနေနဲ့ အစာစားဖို့ လွှတ်ပေးလိုက်ပါတယ်။ သူကတော့ ပေါက်တူးယူပြီး လယ်ထဲမှာ ပေါက်စရာရှိတာ ပေါက်နေပါတယ်။
နွားတွေက အစာစားရင်း တောထဲဝင်သွားပါတော့တယ်။ ပုဏားက သူတူးစရာ ပေါက်စရာတွေပြီးတော့ နွားတွေကို ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ နွားတွေက အနားမှာ မရှိတော့ပါဘူး။
နွားတွေ တောထဲဝင်သွားပြီ ဆိုပြီးတော့ တောထဲကို လိုက်ရှာပါတယ်။ ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။
ကြာလာတော့ မောပြီးလာပါတယ်။ တည်ပင်တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာ မောလည်းမောနေတာနဲ့ တည်ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက်ချောက်ထဲကို ပြုတ်ကျသွားပါတယ်။ ချောက်ထဲကျသွားတော့ အစာက ပိုငတ်သွားပါတယ်။
ဒီအချိန်မှာ ဘုရားအလောင်းတော်က မျောက်မျိုါ်မှာ ဖြစ်နေတာပါ။ အစာရှာထွက်ရင်း ချောက်ထဲကျနေတဲ့ ပုဏားကိုတွေ့သွားပါတယ်။
ဘုရားအလောင်းမျောက်အနေနဲ့ ချောက်ထဲဆင်းပြီးကယ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဆင်းကယ်ရင် ကိုယ်ပါပြန်တက်လို့ ရတော့မှာမဟုတ်ပါဘူး။ ဘုရားအလောင်း မျောက်မင်းက ဉာဏ်သုံးပြီး ကယ်ပါတယ်။ အနီးအနားမှာရှိတဲ့ ကျောက်ခဲတွေကို ချောက်တွင်းထဲ ပစ်ပစ်ချပေးပါတယ်။ ခဲတစ်လုံး ပစ်ချလိုက် ပုဏားကခြေထောက်ကိုမပြီး ခဲလုံးလေးကို ခြေထောက်အောက်သွင်းထားလိုက်နဲ့ ကြာလာတော့ ခဲတွေပြည့်လာပြီး ပုဏားလည်း အပေါ်တက်လို့ ရသွားပါတော့တယ်။
ဒါပေမဲ့ ဘုရားအလောင်းမျောက်မင်းခမျာ တွင်းတစ်တွင်းစာ ခဲတွေပစ်ချပေးလိုက်ရတော့ တော်တော်လေး မောပန်းသွားပါတယ်။ ဒါကြောင့် ပုဏားကို ခဏလှဲပါရစေဦးဆိုပြီး အိပ်ပျော်သွားပါတယ်။
ပုဏားက အိပ်ပျော်နေတဲ့ မျောက်မင်းကိုကြည့်ပြီး “ဒီမျောက်သတ်ပြီး အိမ်သယ်သွားရင် မိသားစုစားလို့ရမှာပဲ” လို့ တွေးမိပုံ ပေါ်ပါတယ်။ ဒါကြောင့် အနီးမှာရှိတဲ့ ကျောက်ခဲနဲ့ မျောက်ခေါင်းကို ထုချလိုက်ပါတယ်။ ဒါပေမဲ့ ချောက်ထဲကျပြီး အစာငတ် ရေငတ်နဲ့ အားပျော့နေတာဆိုတော့ သေလောက်အောင် အင်နဲ့အားနဲ့ မထုလိုက်နိုင်ပါဘူး။ မျောက်မင်းလည်း အထုခံလိုက်ရတာနဲ့ သစ်ပင်ပေါ်ပြေးတက်လိုက်ရပါတယ်။ ပုဏားရဲ့လက်ချက်ကြောင့်ပဲ ခေါင်းမှာ သွေးတွေတစ်စက်စက်ကျလာပါတယ်။
ပုဏားဟာ သူ့အစွမ်းအစနဲ့ ဘယ်လိုမှ တောထဲက ထွက်ပြီး ရွာကိုရောက်အောင် မပြန်နိုင်ပါဘူး။ ဒါကိုသိတဲ့ ဘုရားအလောင်းမျောက်မင်းက “ပုဏား. . . ဒီတောဟာ သိပ်ထူထပ်တယ်၊ ငါက သစ်ပင်ပေါ်က လမ်းပြမယ်၊ သင်က အောက်ကလိုက်ခဲ့ပါ” လို့ပြောပြီး တောအုပ်အပြင်ဘက် ရွာအနီးအထိ လိုက်ပို့ပေးပါတယ်။
လယ်တီဆရာတော်ဘုရားကြီးက ဒီဝတ္တုလေးကို ထုတ်ပြပြီး ပါရမီဆယ်ပါးပါပုံကို ဖွင့်ပြပါတယ်။
ပုဏားရဲ့ အသက်ကို ကယ်လိုက်တာက ဒါနပါရမီ။
ပုဏားက ခေါင်းကို ကျောက်ခဲနဲ့ထုပေမဲ့ ပြန်ပြီး လက်တုံ့မပြန်တာ ၊ ကြမ်းကြုတ်တဲ့ စကားတွေကို မပြောမိအောင် စောင့်ထိန်းတာက သီလပါရမီပါ။
တစ်စုံတစ်ရာ လောကီအကျိူးကို မတောင့်တဘဲ ပုဏားကို ကယ်တင်လိုက်တာက နေက္ခမ္မပါရမီပါ။
ပုဏားကို ချောက်ထဲကနေ အပေါ်ရောက်အောင် ဘယ်လိုကယ်ရမလဲလို့ သိတာက ပညာပါရမီပါ။
သိတဲ့အတိုင်း ကြိုးပမ်းအားထုတ်တာက ဝီရိယပါရမီပါ။
ကျောက်ခဲနဲ့ ခေါင်းထုတာကို သည်းခံတာ ၊ နာကျင်တဲ့ဝေဒနာကို သည်းခံနိုင်တာတွေက ခန ္တီပါရမီပါ။
သင့်ကို ငါကယ်မယ်လို့ ပုဏားကို ပြောကြားထားတဲ့ “နှုတ်ပဋိညာဉ်” ကို မဖျက်တာက သစ္စာပါရမီပါ။
ပုဏားရဲ့အကျိုးကို အဆုံးတိုင်အောင် ငါဆောင်မယ်လို့ ဆုံးဖြတ်ထားတဲ့ “စိတ်ပဋိညာဉ်” ကို မရွှေ့မပြောင်းတာက အဓိဌာန်ပါရမီပါ။
ချောက်ထဲကျနေတဲ့ ပုဏားကိုကြည့်ပြီး ငါမကယ်ရင်တော့ သေတော့မှာပဲလို့ ပုဏားရဲ့အကျိုးကို လိုလားတောင့်တစိတ် ပုဏားအပေါ်မှာ သနားကျင်နာစိတ် ဝင်လာတာက မေတ္တာပါရမီပါ။
သူ့အကျိုးကို ဒီလောက်အပင်ပန်းခံပြီး ပြုပေမဲ့ ငါ့ကို ဒီလိုလုပ်ရက်လေခြင်းလို့ ပုဏားရဲ့အပေါ်မှာ စိတ်မကွက်တာက ဥပေက္ခာပါရမီပါ။
ကိုယ်က စိတ်ထားတက်ရင် ထားတက်သလောက် ပါရမီ (၁၀)ပါး ဖြည့်ပြီးသားဖြစ်သွားတာပါပဲ။
တကယ်လို့ မျောက်မင်းဟာ ကျောက်ခဲနဲ့အထုခံလိုက်ရတာကို စိတ်ပျက်ပြီး ပုဏားကို လမ်းဆုံးရွာထိပ်အထိ ဆက်မပို့တော့ရင် ပါရမီမမြောက်တော့ပါဘူး။
ဒီသာဓက ဖြစ်စဉ်ဝတ္ထုလေးကို အာရုံပြုပြီး ကိုယ့်ရဲ့ ပရဟိတလုပ်ငန်းလေးတွေမှာလည်း စိတ်ကလေးတွေ ထားတက်ရင် ထားတက်သလို ပါရမီ(၁၀)ပါးလုံး ဖြစ်သွားတာပါ။

ရဝေနွယ် (အင်းမ)

မြင့်မြတ်သူတို့ရဲ့အလုပ်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: