ဧဟိပဿိကော


အကြင်အရပ်၌ သောက ၊ ပရိဒေဝတို့မရှိ ၊ မဖြစ် ၊ မတည် ။ သောက ၊ ပရိဒေဝတို့ကြောင့် စီးကျလာသော မျက်ရည်ဟူသည် ဝေးစွ ။ အကြင်အရပ်၌ ပူလောင်နေသော ရင်ခွင်ကို အေးမြစေ၏ ။ လောင်မြိုက်နေသော ချစ်ခြင်းတွေ ပျေက်ကွယ်စေ၏ ။ ထိုအရပ်သို့ ဧဟိပဿိကော ၊ လာလှည့်စမ်းပါ ၊ ကြည့်လှည့်စမ်းပါ ။ ထိုအရပ်တွင် ဗုဒ္ဓဂေါတမ၏ သာသနာတော် ထည်ရှိ၏ ။

တစ်နေ့ပြီး တစ်နေ့ဖြတ်ကျော်၍ တစ်သွားတည်းသွားနေသည့် ဘဝခရီးတစ်လျှောက်၌…

ပြုမိမှား ၊ ပြောမိမှားတို့ဖြင့် နောင်တအထွေထွေ ၊ ပူပန်သောကအထွေထွေတို့ ဖြစ်ရခြင်းမှလည်းကောင်း ၊ အဝိဇ္ဇာအမှောင်ထု၌ ယုံမှားတွေဝေခြင်းအမျိုးမျိုးဖြင့် အဆိုးကို အကောင်းထင် ၊ ဒုက္ခကို သုခထင်လျက် စမ်းတဝါးဝါးလမ်းလျှောက်နေရာမှ လမ်းလွဲလျှောကျရခြင်းမျိုးတို့မှ လည်းကောင်း ၊

မဆုံမတွ့လိုသော်လည်း ကြုံတွေ့လာရတတ်သည့် မချစ်မနှစ်သက်သောသူ ၊ မချစ်မနှစ်သက်သော အရာနှင့် အတူတူခရီးဆက်ရခြင်းတို့ကြောင့် ရန်ငြိုးဒေါသတို့ဖြင့် စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းဖြစ်ရခြင်းတို့မှ လည်းကောင်း ၊

ချစ်သူ ခင်သူ ၊ မြတ်နိုးရသူ ၊ ချစ်သော အရာ ၊ မြတ်နိုးသော အရာနှင့် အတူတူ သွားလိုသော်လည်း လမ်းခုလတ်၌ပင် အပြီးတိုင်နှုတ်ဆက်ခဲ့ရ၍ ယူကျုံးမရဖြင့် ကြေကြေမြေ့မြေ့ ၊ ဆွေးဆွေးနင့်နင့် ဖြစ်ရခြင်းတို့မှ လည်းကောင်း

ရင်မဆိုင်လိုသော်လည်း မလွဲမသွေ ရင်ဆိုင်ရမည့် အိုခြင်း ၊ နာခြင်း ၊ သေခြင်း ဆင်းရဲတို့မှ လည်းကောင်း ၊ ယုတ်စွအဆုံး ခန္ဓာငါးပါးဟူသော ဆင်းရဲတို့မှ လည်းကောင်း …

ချုပ်ငြိမ်းရာ အရပ်သို့ ဧဟိပဿိကော ၊ လာလှည့်စမ်းပါ ၊ ကြည့်လှည့်စမ်းပါ။ ထိုအရပ်သို့ လာနိုင် ကြည့်နိုင်ရန် မြတ်ဗုဒ္ဓသည် သမ္မာဒိဋ္ဌိ ( ကောင်းစွာ မြင်ခြင်း ) ၊ သမ္မာသတိ ( ကောင်းစွာ အောက်မေ့ခြင်း ) ၊ သမ္မာ သမာဓိ ( ကောင်းစွာ တည်ကြည်ခြင်း ) တည်း ဟူသော မဂ္ဂင်ရှစ်ပါးဖြင့် ညွှန်ပြတော်မူခဲ့ပေပြီ ။

မြတ်ဗုဒ္ဓတရားတော်ကို သန္ဒိဋ္ဌိကော ၊ ကိုယ်တိုင်ခံစား သိမြင်နိုင်ရန် ဧဟိပဿိကော ၊ လာလှည့်ပါ့လား ၊ ကြည့်လှည့်ပါလား ။ ထိုသောအခါ အပ္ပါယ်လေးပါးမှ ကင်းလွတ်ခြင်း ၊ လူနတ်နိဗ္ဗာန် သုံးတန်သောချမ်းသာကို ခံစားရခြင်းအကျိုးသည် ဖြစ်ပေါ်လာပေမည်။ ဤသို့ စစ်မှန်သော ချမ်းသာသည့် အရပ်ဖြစ်၍ ဩပနေယျိကော ၊ မိမိတို့စိတ်ထဲသို့ စွဲအောင် ဆောင်ယူခြင်းငှာ ထိုက်သော မြတ်ဗုဒ္ဓတရားတော်တို့ကို ဧဟိပဿိကော လာလှည့်စမ်းပါ ၊ ကြည့်လှည့်စမ်းပါ ၊ နာယူလှည့်ပါ ၊ ပွားများအားထုတ်လှည့်စမ်းပါ ဓမ္မမိတ်ဆွေအပေါင်းတို့ ။ သူတစ်ပါး ကျင့်ငုံပွားများ၍ ရအပ်သော တရားတော်၏ အကျိုးအလုံးစုံကို မိမိသည် ဝေငှ ခံစား၍ မရနိုင်ပေ ။  ထို့အတူ မိမိကျင့်သုံးပွားများ၍ ရအပ်သော တရားတော်၏ အကျိုးအလုံးစုံကိုလည်း သူတစ်ပါးအား ဝေငှခံစား၍ မရနိုင်ပေ ။ မြတ်ဗုဒ္ဓတရားတော်တို့သည် ပစ္စတံ ဝေဒိ တဗ္ဗောဝိညူဟိ ၊ အရိယာ ပညာရှင်တို့ ကိုယ်စီကိုယ်ငှ မိမိတို့ သန္တာန်၌ သိအပ်ခံစားအပ်သော တရားတော်ပင်ဖြစ်၏ ။ ကိုယ်စီကိုယ်ငှ သိမြင်ခံစားနိုင်ပါရန် ဧဟိပဿိကော ၊ လာလှည့်စမ်းပါ ။ ကျင့်လိုက်စမ်းပါ ။

ဗုဒ္ဗတရားတော်များ ကိန်းအောင်းရာ နှလုံးသားအားဖြင့်လည်းကောင်း ၊ ဗုဒ္ဓတရားတော်များ စွဲတည်ရာ နှုတ်ဖြင့်လည်းကောင်း ၊ ဗုဒ္ဗတရားတော်များ ဖြန့်ကျက်ရာ လက်ဖြင့်လည်းကောင်း ၊  လှိုက်လှဲလေးနက်စွာ ဖိတ်ခေါ်ပြီးရင်း ဖိတ်ခေါ်နေဆဲ ….

      ဧဟိပသိကော…..

မှတ်ချက် ။    ။ မြင့်မိုရ်မှ ပေးပို့ပါသည် ….


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: