ယမမင်းထံ အစစ်ခံခြင်း


၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။
ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။
ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၄။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။
သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။
ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။
ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။
လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။
ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။
သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။
ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။
ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။
ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။
မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။
လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။
သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။
ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။
ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။
ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။
ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။
ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။
ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။
အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။
သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။
နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။
သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။
တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။
ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။
ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။
ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။
သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။
အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။
သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။
သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။
မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။
မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။
ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။
ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။
မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။
တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။
စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။
ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။
ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။
တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။
မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။
ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။
ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။
ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။
သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။
သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။
ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။
စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။
မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။
ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။
ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။
ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။
လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။
စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။
စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။
သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။
ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။
မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။
မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။
မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။
ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။
တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။
မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။
တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။
သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။
ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။
ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။
ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။
အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။
တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။
အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။
မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။
အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။
ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။
သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

ကျမ်းကိုး ။     ။ အမတ်ကြီး ဦးပေါ်ဦး
ဒေဝဒူတဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

4 Responses

  1. ဒီအတောအတွင်း သေခြင်းတရား အကြောင်းတွေ စိတ်ဝင်စားနေတာနဲ့ ဒီပို့စ်လေးက ကွက်တိ ဖြစ်သွားတယ်.. ကျေးဇူးပါ.. ကျွန်တော် ဒီပို့စ်ကို ကော်ပီ လုပ်ပြီး မေးလ်နဲ့လည်း ဖြန့်လိုက်ပါတယ်.. ခွင့်ပြုဖို့တောင် မပြောမိဘူး..

    *သာသနာ့အကျိုး၊ ရှေ့ဆက်ကြိုး၊ များကျိုးကိုလည်း ထမ်းနိုင်စေ*

    ခင်မင်စွာဖြင့်

    • ကျေးဇူးပါဗျာ…လာလည်တာ…. ဖြန့်ပေးတဲ့အတွက်လဲ ကျေးဇူးပါ…. ခွင့်ပြုချက်မလိုပါဘူး.. ဓမ္မဒါန ဖြစ်ပါတယ်… နောက်လဲ လာဖတ်ပါဦးလို့….

  2. ဖတ်ရတာရှည်လျားသလောက် အကျိုးပွားရပါတယ်
    သတိသံဝေဂရစရာပါပဲ

    • မင်္ဂလာပါ… ကိုဘကြိုင်ရေ….. ကျွန်တော့်ကိုသိမယ်ထင်ပါတယ်…. အဟဲ…
      အချိန်ရှိခိုက်လေး သက်သေတွေရှာထားလိုက်ဦးဗျို့….. ယမမင်းနဲ့ တွေ့တဲ့အခါ သူဘာမှမပြောနိုင်အောင်ပေါ့။ ကိုဘကြိုင်သာသနာ့ဘောင်ဝယ်မယ်လို့တော့ ကြားမိသား…🙂🙂🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: