သိက္ခာပုဒ်ဝန်ထုပ်လျှော့ပေးတဲ့အလှူ ဒီတစ်ခုပဲရှိတယ်။


ကထိန်သင်္ကန်းတည်းဟူသော လှူဖွယ်ဝတ္ထုဟာ ဘယ်လိုထူခြားချက်နဲ့ ပြည့်စုံသလဲဆိုရင် မြတ်စွာဘုရားရှင်ပညက်ထားတဲ့၊ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တချို့ကို အချိန်ကာလာအကန့်အသန့် တစ်ခုအတွင်း ခေတ္တခဏ ပယ်နုတ်ပေးနိုင်တဲ့ အစွမ်းသတ္တိနဲ့ ပြည့်စုံပါတယ်။

မိမိတို့လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းဟာ ကထိန်အာနိသင်ရတဲ့ သံဃာတော်များကို မြတ်စွာဘုရားရှင်ရဲ့ ဝိနည်းသိက္ခာပုဒ် ငါးခုကနေ အချိန်ကာလ အကန့်အသန့်တစ်ခုအတွင်း ခေတ္တခဏ သက်သာခွင့်ရအောင် ဖန်တီးပေးနိုင်ပါတယ်။

လောကမှာ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ ဘယ်သတ္တဝါမှ ပယ်လည်း မပယ်နုတ်နိုင်ပါဘူး။ ဖြည့်လည်းမဖြည့်စွက်နိုင်ပါဘူး။ ပြုလည်းမပြုပြင်နိုင်ပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ကို ဘယ်သူမှ ကိုယ့်သဘောနဲ့ ပယ်နုတ်ဖြည့်စွက်ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း လုပ်လို့မရပါဘူး။

ဒါပေမယ့် ကထိန်အလှူ့ရှင်များ လှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းကတော့ လုပ်လို့ရပါတယ်။ သိက္ခာပုဒ်အားလုံးကိုတော့ မလုပ်နိုင်ပါဘူး။ သိက္ခာပုဒ် ငါးခုကိုတော့ လုပ်နိုင်ပါတယ်။

ကထိန်အလှူ့ရှင်များလှူဒါန်းလိုက်တဲ့ ကထိန်သင်္ကန်းနဲ့ သံဃာတော်များက ကထိန်ခင်းလိုက်ရပြီဆိုရင် ဒီကထိန်ရဲ့ အာနိသင်ရတဲ့ သံဃာတော်များဟာ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကနေစပြီး တပေါင်းလပြည့်နေ့အထိ ငါးလအတွင်းမှာ မြတ်စွာဘုရား ပညက်ထားတဲ့ သိက္ခာပုဒ်ငါးခုကို မလိုက်နာ မကျင့်သုံးဘဲလည်း နေလို့ရပါတယ်။

တနည်းပြောရရင် မြတ်စွာဘုရား နဂိုက ပညက်ထားတဲ့ သိက္ခာပုဒ်ငါးခုဟာ၊ ဒီငါးလ အတော့အတွင်းမှာတော့ ကထိန်အာနိသင်ရထားတဲ့ သံဃာတော်တွေအတွက် သိက္ခာပုဒ်လို့ မဆိုနိုင်ပါဘူး။ ဒီငါးလအတွင်းမှာ ဒီသိက္ခာပုဒ်မရှိတော့ဘူးလို့ သဘောပေါက်လိုက်ရင် မပိုရှင်းသွားမှာပေါ့။

ဒီသိက္ခာပုဒ်ငါးခုကို ဒီငါးလအတွင်းမှာ မကျင့်ဘဲ နေလို့ရတယ်ဆိုတော့ မကျင့်လို့လည်း အာပတ်သင့်မသွားဘူးလို့ ဆိုလိုပါတယ်။ ကျင့်စရာမလိုဘူးဆိုပြီး မလေးမစားလုပ်ရမှာမျိုးတော့ မဟုတ်ပါဘူး။

မြတ်စွာဘုရားကိုယ်တိုင်ကိုက ဒီသိက္ခာပုဒ်မကျင့်လည်းရတယ်။ ဒီသိက္ခာပုဒ်ငါးခု မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ် ပြောတာထားပါ။ တပေါင်းလပြည့်ကျော်သွားရင်တော့ မူလအတိုင်း ပြန်ပြီးတော့ ကျင့်သုံးရမှာပါ။

အဲဒီလို မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တွေကို ဘယ်လောက်ကြီးကျယ်ခမ်းနားတဲ့ ဒါနကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။ ဘယ်လောက်ကြီးကျယ်သန့်စင်တဲ့ သီလကုသိုလ်ကမှလည်း မပယ်နှုတ်နိုင်ပါဘူး။ ဘယ်လောက်မြင့်မြတ်တဲ့ ဘာဝနာကုသိုလ်ကမှလည်း မပယ်နုတ်နိုင်ပါဘူး။

အဆင့်အတန်းမြင့်လှပါတယ်ဆိုတဲ့ ဝိပဿနာကုသိုလ်တွေ၊ မဂ်ကုသိုလ်တွေ၊ လောကုတ္တရာကုသိုလ်တွေလည်း မြတ်စွာဘုရားရှင်နဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်တွေကို မပယ်နုတ်နိုင်ပါဘူး။ ကထိန်အလှူရှင်များ လှူဒါန်းရတဲ့ ကထိန်အလှူတစ်ခုတည်းကသာလျှင် မြတ်စွာဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ဝိနည်းသိက္ခာပုဒ်ငါးခုကို ခေတ္တခဏ ပယ်နုတ်နိုင်ပါတယ်။

အဲဒါကိုက အင်မတန် ထူးခြားမှုတစ်ခုပါပဲ။ ကထိန်အလှူကို အထူးခြားဆုံးအလှူလို့ ပြောရတာ ဒီအချက်က အဓိကပဓာန အကျဆုံးပါပဲ။ ဒီတစ်ချက်တည်းနဲ့တင် ကထိန်အလှူဟာ အထူးခြားဆုံးအလှူဖြစ်နေပါပြီ။

ကထိန်အာနိသင် ၅ မျိုး ကို ပုရိမဝါ ကပ်ပြီး ပထမဝါကျွတ်ပြီးတဲ ့ရဟန်းတိုင်း ကထိန်ခင်းပြီး ရရှိခံစားပိုင်ခွင့်ရှိတယ်လို ့ဆိုပါတယ်. .

အဲဒီ အာနိသင် ၅ မျိုးကတော့

၁။ အနာမန္တစာရ ၊

၂။ အသမာဒါနစာရ၊

၃။ ယာဝဒတ္ထစီဝရ၊

၄။ ဂဏ ဘောဇန ၊

၅။ ယော စ တတ္ထ စီဝရုပ္ပါဒ

၁။ အနာမန္တစာရ – ဒါယိကာ၊ ဒါယိကာမတွေက ရဟန်း၊ သံဃာတော်တို့ကို “ထမင်းစားကြွပါ၊ မုန့်စားကြွပါ” စသဖြင့် သာသနာတော်ဝေါဟာရနဲ့ မအပ်စပ်တဲ့စကားတို့ဖြင့် ဆွမ်းစားဖိတ်မန်ခဲ့သော် အနီးရှိ ရဟန်းတို့ကို မပန်ကြား၊ မပြောဆိုဘဲ၊ မြို့ထဲ၊ ရွာထဲသို့ ကြွသွားနိုင်ခြင်း။
(ကထိန်ခင်းပြီး၍သာ သွားနိုင်ခွင့်ရှိခြင်းဖြစ်ပါတယ်။ ကထိန်မခင်းရသေးပဲ အသိပေး၊ ပြောဆိုပန်ကြားခြင်း မရှိဘဲ ကြွသွားပါက ပါစိတ်အာပတ် သင့်ပြီးတော့ ကထိန်အာနိသင် ရလျှင် ပါစိတ်အာပတ် မသင့်တော့ပါ)

၂။ အသမာဒါနစာရ – တိစီဝရိတ် အဓိဠာန်တင်ထားသောသင်္ကန်းကို သွားလေရာ မယူဆောင်ဘဲ သွားလိုရာသို့ လှည့်ပတ်သွားလာနိုင်ခြင်း၊ ၎င်းသင်္ကန်းနှင့် ညစဉ် အနီးအနား၌ မဆောင်ထားဘဲ ညဉ့်ကင်း၍ နေနိုင်ခြင်း
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသင်္ကန်းနှင့် ညဉ့်ကင်း၍မရပါ။ ထိုသို့နေခဲ့လျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်ပြီး ကထိန်အာနိသင်ရလျှင် ညဉ့်ကင်းသော်လည်း အာပတ် မသင့်တော့ပါ)

၃။ ယာဝဒတ္ထစီဝရ – ရရှိသမျှ သင်္ကန်းတို့အား အဓိဌာန် ဝကပ္ပနာမပြုဘဲ အလိုရှိသလို ထားရှိသုံးဆောင်နိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် အဓိဌာန် သကပ္ပနာမပြုဘဲ သုံးစွဲပါက နိဿဂ္ဂိပါစိတ် အာပတ်သင့်ပြီး ကထိန် အာနိသင်ရလျှင် အဓိဋ္ဌာန် သကပ္ပနာ မပြုဘဲ သုံးစွဲသော်လည်း အာပတ်မသင့်တော့ပါ)

၄။ ဂဏဘောဇန – မအပ်စပ်သော တောင်းခံခြင်း၊ ဖိတ်မန်ခြင်းမျိုးဖြင့် တောင်းခံပင့်ဖိတ်အပ်သောဆွမ်းဖြစ် လျက် လေးပါးနှင့် အထက်လွန်၍ စုပေါင်းခံယူ စားသုံးနိုင်ခြင်း။
(ကထိန်အာနိသင်မရခဲ့လျှင် ထိုသို့ မအပ်စပ်သော ဆွမ်းကို စုပေါင်းခံယူ စားသုံးပါက သုဒ္ဓပါစိတ် အာပတ် သင့်ပြီး ကထိန် အာနိသင်ရသဖြင့် သုဒ္ဓပါစိတ် အာပတ် မသင့်တော့ပါ)

၅။ ယော စတတ္ထ စီဝရုပ္ပါဒ – ကထိန်ခင်းရာကျောင်းတိုက်၌ ဖြစ်ပေါ်ရရှိလာသမျှ သင်္ကန်းတို့ကိုကထိန်အာနိသင် ရသော ရဟန်း၊ သံဃာတော်တို့သာ သုံးစွဲခွင့်ရနိုင်ခြင်းတို့ ဖြစ်ပါတယ်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးငါးပါးတို့ကို ကထိန်ခင်းသော ရဟန်းနှင့် နှုတ်မြွက် သာဓု အနုမောဒနာပြုသော ရဟန်းတို့သာ ရယူခံစားခွင့်ရှိကြပါတယ်။ ခံစားနိုင်ခွင့်ကာလကတော့ ကထိန်ခင်းသည့် နေ့မှစ၍ တပေါင်းလပြည့်နေ့အထိဖြစ်ပါတယ်။

ကထိန်သင်္ကန်းရဲ ့အကျိုးကို ရဟန်းတော်တွေမှာသာ ရယူခံစားခွင့် ရှိတာမဟုတ်ပါဘူး ။ ကထိန်သင်္ကန်း ကပ်လှူတဲ့ ဒါယိကာ ၊ ဒါယိကာမ တွေမှာလည်း အကျိုး ၅ မျိုးကို ရယူခံစားခွင့်ရှိပါတယ်။

ကထိန်အကျိုး ၅ ပါး

၁ ။သွားချင်တဲ့ နေရာတိုင်း သွားလို့ရပါတယ်။ သူများကိုယ့်ကို မသွားရဘူးလို့မတားနိုင်တဲ့ အကျိုး ၊
၂ ။ ကိုယ့်ပစ္စည်းဥစ္စာတွေကို ကြိုက်တဲ့နေရာမှာထား၊ ဘယ်သူမှ မဖျက်ဆီးနိုင် မယူနိုင်၊ ရေမီးလည်းမဖျက်နိုင်ခြင်း
၃ ။ အဝတ်အစား အသစ်အဆန်း အမျိုးမျိုးဝတ်ရခြင်း
၄ ။ စုန်းမတွေ အောက်လမ်းဆရာတွေက ကိုယ့်ကို အပင်းထည့်ပြီး မပြုစားနိုင်ခြင်း၊
၅ ။ ကိုယ့်ကို သူများများ လက်ဆောင်ပေးတဲ့ ပစ္စည်းကို ကိုယ့်ဆီမရောက်ခင် ကြားလူက ဖြတ်မယူနိုင်ခြင်း၊
ကိုယ့်ဆီ တန်တန်းမတ်မတ်ရောက်လာခြင်း

အစရှိတာတွေကို ရယူခံစားနိုင်ပါတယ်။

အရှင်ဆန္ဒာဓိက ရေးသားသော “အိုဘယ့် အလှူရှင်” စာအုပ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: