မုန်းခြင်းသံယောဇဉ်


သံယောဇဉ် ဟူသည် ချစ်သော သူများ ကြား၌သာ ရှိသည်မဟုတ် မုန်းသော သူများ ကြား၌လည်း ရှိသည်။ မုန်းခြင်း သံယောဇဉ် သည်လည်း ဖွဲ့စည်း ချည်နှောင် တတ်သော သဘော ရှိသည်သာ ဖြစ်၏။

မုန်းခြင်း သံယောဇဉ် ဖြင့် ချည်နှောင် သောအခါ ဘဝတစ်ခု အတွင်း၌ သာမက ဘဝဘဝ ပေါင်းများစွာ ဖန်ဖန်တလဲ ကြုံကြ ဆုံကြ ရတတ်သည်။ ကြုံကြ ဆုံကြရ သည် ဆိုရာ၌ အချင်းချင်း အကျိုးပြု၍ တစ်ဆင့် ထက်တစ်ဆင့် မြင့်မြင့် သွားမည့် ဘဝပေး အခြေအနေ မျိုးနှင့် ကြုံကြ ဆုံကြရ ခြင်းတော့ မဟုတ်။ အချင်းချင်း အပြန် အလှန် ဖျက်ဆီး၍ တစ်ဆင့် အောက် တစ်ဆင့် နိမ့်နိမ့် သွားမည့် ဘဝပေး အခြေအနေ မျိုးနှင့် ကြုံကြ ဆုံကြရခြင်း ဖြစ်၏။

သာဝတ္ထိ ပြည် ဇေတဝန် ကျောင်း အနီး၌ ဖြစ်၏။ အမျိုးသမီး တစ်ဦးသည် သားငယ် ကို ပိုက်၍ မြတ်စွာဘုရား ထံသို့ ပြေးလာနေ သည်။ သူ့နောက်၌လည်း အခြား အမျိုးသမီးတစ်ဦးသည် အပြေးလိုက်လာ၏။ သားပိုက်လာသော အမျိုးသမီးသည် ဘုရား ရှေ့သို့ ရောက်သော အခါ ကလေးငယ်ကို ရှေ့ချ၍ လှူဒါန်းကာ “တပည့်တော်မ သားလေး၏ အသက်ကို ကယ်တင် တော် မူပါဘုရား” ဟု သနားစဖွယ် လျှောက်ထား၏။

နောက်မှ ပြေးလိုက်လာသော အမျိုးသမီးသည်ကား စင်စစ် လူယောင် ဖန်ဆင်း ထားသော ဘီလူးမ ဖြစ်၏။ ဘီလူးမသည် သားပိုင်ရှင် အမျိုးသမီးအား ချစ်ကျွမ်းဝင်ဟန်ပြု၍ ငယ်စဉ်ကပင် အဆွေ ခင်ပွန်း ပြုထားခဲ့၏။ လူမိန်းမ ကလေး မွေးဖွားသော အခါတိုင်း ထို ကလေးကို သတ်စားပြီး ထွက်သွားသည်။ ယခုကား တတိယ အကြိမ် မြောက် သတ်စားရန် ကြိုးစားခြင်း ဖြစ်လေသည်။

အဘယ်ကြောင့် ဤမျှ အငြိုး တစ်ကြီးနှင့် တစ်ဖက်သား ကို ရက်စက်စွာ ပြုကျင့်ရ သနည်း။ အကြောင်း ရှိပေမည်။ စင်စစ် ဤ နှစ်ဦးသည် အတိတ် ဘဝသုံးခု က အချင်းချင်း ရန်ငြိုး ဖွဲ့ခဲ့ ကြသူများ ဖြစ်၏။ ပထမ ဘဝက ဘီလူးမသည် လူမိန်းမဖြစ်၍ အမျိုးသား တစ်ဦး၏ မယားအကြီး လည်း ဖြစ်ခဲ့သည်။ ယခုဘဝ ကလေးမိခင် မှာ ထိုဘဝက မယားအငယ် ဖြစ်၏။ မယားအကြီးသည် မယားအငယ် ၏ ကိုယ်ဝန် ဟူသမျှကို ဆေးညာတိုက်ကာ ဖျက်ချပစ်ခဲ့ဖူးသည်။ တတိယ အကြိမ် ၌ကား ခြေလွန် လက်လွန် ဖြစ်၍ မယားအငယ် ၏ အသက်ပါ ဆုံးရှူံးခဲ့ ရသည်။ ရန်ငြိုးသည် ထိုဘဝ ကတည်းက စခဲ့သည်။

နောက် ဘဝတွင် မယားအငယ်က “ကြောင်မ” ဖြစ်၍ မယား အကြီးက “ကြက်မ” ဖြစ်၏။ ကြောင်မသည် ကြက်မကြီး၏ ကလေးများကို ဖမ်းစားခဲ့ပြန်သည်။ ထိုဘဝမှ သေလွန် ပြန်သော် ကြောင်မက “သမင်” ဖြစ်၍ ကြက်မက “သစ်” ဖြစ်၏။ သစ်သည် သမင်၏ ကလေးများကို ဖမ်းစားခဲ့ ပြန်သည်။

စင်စစ် ပုဂ္ဂိုလ် တစ်ဦး ၏ အမှားကို ဒုတိယ ပုဂ္ဂိုလ် က အမှားဖြင့် တုန့်ပြန်ခြင်း သည် အမှားကို ချေဖျက်ခြင်း မမည်။ အမှား နှစ်ထပ် ဆင့်ခြင်း ဖြစ်၏။ ဤသို့ဖြင့် နှစ်ဦးသား၏ သံသရာသည် အမှားများ ထပ်ထပ် ဆင့်ကာ အမုန်းတရား များဖြင့် သံယောဇဉ် ဖွဲ့လေ တော့၏။ သံယောဇဉ် ကြိုးများသည် ခိုင်မြဲ ကြသည်။ ကျယ်ပြော သော လောက ၌ပေမင့် တွေ့ဖြစ်အောင် ရှာတွေ့၏။ အခက်အခဲ အမျိုးအမျိုးရှိနေ ပေမင့် ရန်ပြု ဖြစ်အောင် ရှာကြံ ပြုသည်။ ကြောက်မက် ဖွယ်ပင် ဖြစ်၏။

အမျိုးသမီး နှစ်ဦး၏ ရန်ငြိုး အစဉ်အဆက် ကို သိမြင် နားလည်သော မြတ်ဘုရားက တရား ရေအေးဖြင့် မုန်းခြင်း မီးလျှံ ကို ငြှိမ်းအေး တော်မူသည်။

“ဤလောက ၌ ရန်တို့သည် ရန်တုံ့မူ သဖြင့် တရံတဆစ်မျှ မငြိမ်းကုန်။ ရန်တုံ့ မမူမှသာ ငြိမ်းကုန်၏။ ဤကား လောက ဓမ္မတာ ကမာ္ဘ့ နိယာမ တည်း။”

ရန်ငြိုးကို ချေဖျက်၍ ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ အစဉ်အတိုင်း ဟောကြားတော် မူသဖြင့် ဘီလူးမသည် သောတာပတ္တိမဂ် ၌ တည်လေသည်။

စင်စစ် ရန်ဟူသည် မိမိ၏ သန္တန် တွင်းရှိ ကိလေသာ မှသာ လာသည် ဖြစ်၍ ဗဟိဒ္ဓိမှ လာသည်ဟူ၍ ဓမ္မတာမရှိ။ ရန်တုံ့ ပြန်မည် ဟူ၍ တေးမှတ် ရန်ငြိုး ဖွဲ့ရခြင်းကား ကိလေသာ က အရောင် ဆိုးပေး ထားသော အကုသိုလ် စေတသိက်များ၏ လုပ်ဆောင်ချက် ဖြစ်သည်။ “ပေ ဖြစ်သောအခါ က ခံထားရသည် တူ ဖြစ်သောအခါ နှံလိုက်မည်” ဟူသော စိတ်ထားကား အကုသိုလ် နိုင်းချင်းနှင့် နိမ့်ကျပျော့ညံ့ သော စိတ်နေစိတ်ထားတည်း။ “ပေ ဖြစ်၍ခံ တူဖြစ်၍ နှံ” ရရိုးမှန် လျင် ပေဖြစ်လိုက် တူဖြစ်လိုက် ဘဝများ နှင့်သာ အချိန် ကုန်မည်မှာ ဧကန်တည်း။ နိမ့်ကျသော စိတ်နေ စိတ်ထား များသည် မြင့်မားသော ဘဝများနှင့် လားလားမှ မသက်ဆိုင် သည့်အလျောက် နိမ့်ကျသော ဘဝများ ၌သာ အသားတကျ နေရမည်မှာ ဧကန်တည်း။ ထို့ပြင် လောကသည်လည်း အမုန်း မီးလျံများဖြင့် တရံမလပ် ပူလောင် နေတော့မည် ဧကန်လည်း ဖြစ်ပေ၏။

ရံဖန်ရံခါ၌ အကုသိုလ် အကျိုး ပေးချိန် တန်သောအခါ အဓမ္မသည် ဓမ္မ ဟန်ဆောင်၍ ဝင်ရောက် နှိပ်စက် တတ်ချေ၏။ စင်စစ် နှိပ်စက် တတ်သော ဤ ဓမ္မတာ မှာလည်း လောကဓံ ရှစ်ပါးတွင် အပါအဝင် ဖြစ်၍ ခံနိုင်ရည် ရှိအောင် အကုသိုလ် မဖြစ်အောင် ကြိုးစား၍ ရင်ဆိုင် အပ်သည်သာ ဖြစ်၏။ ပုထုဇဉ်များ ဖြစ်သည့် အလျောက် အကုသိုလ် ကို ပြုနိုင်သည့် သဘော တရားများ ရှိနေ သော်လည်း ကာယကံ၊ ဝစီကံမြောက် မကျူးလွန် မိအောင် သီလ ဖြင့် ချွန်းအုပ်ပါက တတ်နိုင်သည် သာတည်း။ မနောကံ မြောက် မကျူးလွန် မိအောင် သမာဓိဖြင့် ချွန်းအုပ် ပါကလည်း တတ်နိုင်သည် သာတည်း။ ကိန်းကာနေ၍ အကုသိုလ်ကို အခါ အားလျော်စွာ ဖြစ်စေ တတ်သော အာရမ္မဏာ နုသယ ကို ဝိပဿနာဖြင့် ပယ်သတ်ပါကလည်း ဖြစ်နိုင်သည်သာတည်း။

စင်စစ် ဖြစ်ဖြစ်သမျှ အကုသလ ဝိပါက်များ သည်ကား မည်သူ တစ်ဦး တစ်ယောက် ကြောင့်မျှ မဟုတ်။ မိမိပြုခဲ့သော အတိတ် အကုသိုလ်ကံ ကြောင့်သာ ဖြစ်လေသည်။ ဤသို့သဘောပိုက်၍ အန္တရာယ်ကြီးလွန်းသော မုန်းခြင်း သံယောဇဉ် များကို တစ်စတစ်စ ရှင်းလင်း အပ်သည်သာ ဖြစ်ပါတော့ သတည်း။

ကိုးကား

ပုရာဘေဒသုတ်-မဟာစည်ဆရာတော်၊ ယမကဝဂ်-ဦးရွှေအောင်
http://www.ahlataya.blogspot.com


6 Responses

  1. တစ်စုံတစ်ယောက်ကို စိတ်နာမယ်ကြံတိုင်း ဒါလေးကို လာဖတ်ဖြစ်တယ်… ကျေးဇူးပါ ကိုသူရိယရေ.. တကယ်ကျေးဇူးပါ…..

  2. သာဓု သာဓု သာဓု

    စာအသိမှ ကိုယ်တိုင်ကျင့်ကြံနိုင်ပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံပါစေ ….🙂

  3. […] source […]

  4. “စင်စစ် ရန်ဟူသည်…ဧကန်လည်း ဖြစ်ပေ၏။”
    အဲဒီစာပိုဒ်လေးကူးတွားမယ်နော်… ကျနော့ဘလော့မှာတင်ချင်လို့

    • ကူးစေဗျာ……

      • ကျေးဇူး!!!🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: