မုသာဝါဒ


မုသာဝါဒကံ ပျက်မပျက်

– မဟုတ်မမှန် ပြောသော အကြောင်းအရာ ဖြစ်ခြင်း။
– မဟုတ်မမှန် ပြောလိုစိတ် ရှိခြင်း။
– ပြောလည်း ပြောခြင်း။
– လိမ်သည့်အတိုင်း သူတစ်ပါးက ယုံကြည်သွားခြင်း။


သည် အင်္ဂါလေးချက်နှင့် ညီသောကြောင့် ဖြစ်သည်။ တချို့က သူတစ်ပါး အကျိုးစီးပွားပျက်မှ မုသာဝါဒကံ ပျက်သည်ဟု ယူဆမိ ကြသည်။ မဟုတ်ပေ။ သူတစ်ပါး အကျိုးစီးပွား ပျက်စီးသည်ဖြစ်စေ၊ မပျက်စီးစည်ဖြစ်စေ၊ လိမ်ပြောသည်နှင့် မုသာဝါဒကံ ပျက်၏။ သူတစ်ပါး အကျိုးစီးပွား ပျက်စီးလျှင် အကုသိုလ်ကြီးမည်။ မပျက်စီးလျှင် အကုသိုလ် သေးမည်။ ဤမျှသာ ကွာခြားချက် ရှိသည်။ ထို့ကြောင့် ဗုဒ္ဓက ရာဟုလောဝါဒသုတ်တွင် –

ချစ်သား ရာဟုလာ၊ မုသားကို ရယ်စရာအဖြစ်ပင် မပြောအပ်၊ အဘယ့်ကြောင့်နည်း၊ မုသားပြောသောသူ မလုပ်ရဲသည့် အကုသိုလ် မရှိသောကြောင့် ဖြစ်၏။ ဤသို့ ဟောကြား ခဲ့သည်။

ဗုဒ္ဓကိုယ်တော်တိုင် ဘဝပေါင်းများစွာ ကျင်လည်စဉ် အခါကတည်းက တစ်ခြားသီလများကို ဖောက်ဖျက် မိခဲ့သော်လည်း မုသာဝါဒကံကို တစ်ရံတစ်ခါမျှ ဖောက်ဖျက်ခဲ့ခြင်း မရှိကြောင်း အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး ရေးသားသည်ကို မှတ်သား ကြည်ညို ခဲ့ရ ဖူးသည်။

မုသားပြောသူများ ခံစားရမည့် ဆိုးကျိုးများမှာ –

– မုသားစကား၊ ပြောဆိုငြားမူ၊
– စကားမပီ၊ သွားမညီတည်း၊
– ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊
– ဣန္ဒြေနောက်၊ ပုံယွင်းဖောက်၏။
– မရောက်ဩဇာ၊ နှုတ်လျှာကြမ်းထော်၊
– လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊

ရှောင်ကြဉ် အပြန်အကျိုးတည်း။

ဟူသော လင်္ကာအတိုင်း မုသားပြောသော သူများသည် ဘဝတိုင်း စကားမပီမသ ဖြစ်တတ်သည်။ သွားများ မညီမညွတ် ပေါက်တတ်သည်။ ပါးစပ်က အပုတ်နံ့ ထွက်တတ်သည်။ ခန္ဓာကိုယ် ခြောက်ခန်းတတ်သည်။ ဣန္ဒြေ ဖောက်ပြန် တတ်သည်။ ဩဇာအာဏာ ကင်းတတ်သည်။ နှုတ်လျှာ ကြမ်းတတ်သည်။ စိတ်ကစဉ့်ကလျှား ဖြစ်တတ်သည်။

မုသားမှ ရှောင်ကြဉ်ခဲ့လျှင် စကားပီခြင်း၊ သွားညီခြင်း၊ ဩဇာအာဏာရှိခြင်း စသော ဆန့်ကျင်ဘက် ကောင်းကျိုးများကို ပြန်ရမည်။ မုသားကို အသေးစား အကုသိုလ်လေးပါ၊ ဥပဒေနှင့် အရေးယူလို့ရတာ မဟုတ်ပါဘူးဆိုပြီး အထင်မသေးအပ်။ ကြက်၏ ဝမ်းတွင်း ကလီစာ၌ ပါသော သည်းခြေသည် အသေးလေးသာ ဖြစ်၏။ သို့သော် ကြက်သား ချက်သောအခါ သည်းခြေ ပါမလာအောင် အထူးဂရု စိုက်ရသည်။ သူပါသွားသည်နှင့် ကြက်သားဟင်း တစ်အိုးလုံး စား၍မရအောင် ခါးသွားသည်။

ထို့အတူ လူတစ်ယောက်တွင် အခြားကောင်းကွက်များ မည်မျှရှိစေကာမူ မုသားပြောတတ်သည် ဆိုသည်နှင့် ဘယ်နေရာမှ မသုံးကြတော့ပေ။ မုသားနှင့် ပက်သက်၍ အတွေးအခေါ်ပါသော ကာတွန်းတစ်ပုဒ်ကို ဖတ်ဖူးသည်။ သားမက်လောင်းနှင့် ယောက္ခမလောင်းတို့ အကြိုတွေ့ဆုံပွဲတွင် သားမက်လောင်းက သူ၏ ကောင်းကွက်တွေကို ပြောပြ၏။

သူ အရက်မသောက်တတ်ကြောင်း၊ အပျော်အပါး မလိုက်စားကြောင်း များကို ဝေဝေဆာဆာ ပြောပြီးသည့်နောက် ကျွန်တော့်မှာ လိမ်တတ်တဲ့ အကျင့် တစ်ခုတော့ ရှိပါတယ်ဟု ပြောလိုက်ရာ ယောက္ခမလောင်းက တစ်ခါတည်း အထင်သေးသွားသည့် ပုံလေး ဖြစ်၏။ လိမ်တတ်သည် ဆိုသည်နှင့် ရှေ့က သူကောင်းကြောင်း ပြောထားသည့် စကားအားလုံးမှာ အလကား ဖြစ်သွားသည် မဟုတ်ပါလော။ မုသားစကားကို ရှောင်သူသည် သစ္စာစကားကို ဆောင်ရမည်ဖြစ်၏။ လောက၌ ဓမ္မက အဓမ္မကို လွှမ်းမိုးနိုင်ဖို့ သူတစ်ပါး နှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ မှန်ကန်ပြီး အကျိုးရှိသော စကားကို ရဲ့ဝံ့စွာ ပြောသင့်၏။

မိမိတို့၏ တပည့်သားများကိုလည်း မုသားမပြောတတ်ကြစေရန် ငယ်ရွယ်စဉ်ကတည်းက ပြတ်သားစွာ ဆုံးမသင့်သည်။ ငယ်ရွယ်စဉ်က ရလာသည့် ကောင်းသောအကျင့်သည် တစ်သက်လုံး စွဲမြဲတတ်ပေသည်။

ယခုခေတ်တွင် လူလိမ်၊ လူညာများ အလွန်ပေါများ နေပါသဖြင့် စစ်မှန်သော စေတနာအရင်းခံ၍ (အရှင်ဇဝန-မေတ္တာရှင်) ရေးသားသော သီလအစွမ်း အံ့မခန်း စာအုပ်ထဲမှ ကောက်နှုတ် ဖေါ်ပြပေးလိုက်ပါသည်။ သို့သော် အောက်တွင် ဆက်လက် ရေးသား ဖော်ပြ ထားသည်များမှာ ကျွန်ုပ်၏ ဉာဏ်မှီသလောက် ရေးသားထားခြင်းများ ဖြစ်သဖြင့် တစ်စုံတစ်ရာ အမှားပါခဲ့လျှင် နားလည် ခွင့်လွှတ်၍ ဝေဖန် လမ်းညွှန် ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

မိမိကိုယ်မိမိ တည်ကြည် ဖြောင့်မတ်သူတစ်ဦး အဖြစ်သို့ ရောက်ရှိလိုသူတိုင်း မုသားစကားကို ရှောင်ကြဉ် ကြရပေမည်။ မုသားမပါ လင်္ကာမချော ဟူသော စကားပုံအတိုင်းသာ ရှေ့ဆက်လုပ်ဆောင် သွားမည်ဆိုပါလျှင် သင်တို့၏ သံသရာ ဘဝခရီးလမ်းသည်လည်း ချောလာနိုင်စရာ အကြောင်း မရှိနိုင်တော့သည်မှာ ဧကန်မုချ ဖြစ်ပါသည်။ နောင် သံသရာ ဘဝတွေအတွက် ခဏလောက် ဘေးဖယ် ထားလိုက်ပါဦး၊ ယခုဘဝတွင်လည်း မုသားစကား ပြောဆိုတတ်သူသည် လူအများ၏ ယုံကြည် ကိုးစားခြင်းကို မည်သည့်အခါမှ ရရှိလာ နိုင်လိမ့်မည် မဟုတ်ပါ။ မိမိ၏ နှုတ်မှ ထွက်သော စကားများကို သူတပါးတို့ တန်ဖိုးထား ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ မိမိ၏ မိဘသည်ပင်လျှင် မိမိ၏စကားအပေါ် ယုံကြည်မှု မရှိတော့သည့် အဖြစ်သို့တိုင် ရောက်ရှိသွားခဲ့လျှင် လွန်စွာ ရှက်ဖွယ်အတိ ဖြစ်ကြရ လိမ့်မည် ဖြစ်သည်။

တစ်စုံတစ်တစ်ယောက်အပေါ် လိမ်ညာ ထားခဲ့မိပြီဆိုပါက ထိုသူနှင့်တွေ့သည့်အခါ အလိမ်ပေါ်မှာကို စိုးရိမ်၍ ကိုယ့်လိပ်ပြာ ကိုယ်မလုံ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဤမျှ ကောင်းကျိုးမပေးပဲ ဆိုးကျိုးသာ ပေးတတ်သော မုသားစကား ပြောဆိုခြင်း အမှုကိစ္စကို ချိုးဖောက်ခြင်း မပြုမိစေရန် မုသားစကား တစ်ခွန်းပြောဖို့ ကြံစည်မိလိုက်တိုင်း သတိတရား ကြီးစွာထား၍ မိမိ၏ နှုတ်မှ မပြောမိလိုက်စေရန် ဆင်ခြင်၊ ထိမ်းသိမ်း ရပေမည်။ ထပ်ခါတလည်းလည်း သတိပြု ဆင်ခြင်လာသည့်အခါ အချိန်တိုလေး အတွင်းမှာပင် တည်ကြည်၊ ဖြောင့်မတ်သော လူသားတစ်ယောက် အဖြစ်သို့ ရောက်ရှိ လာမည် ဖြစ်ပါသည်။

Chatting တွင် လိမ်ညာ တတ်သော ကိုကို၊ မမ များ အထူး သတိထား သင့်သည်။ စာနဲ့ ရိုက်ပြီးပြောတာ ပါးစပ်က ပြောတာမှ မဟုတ်တာ ဆိုပြီး ပေါ့ပေါ့ဆဆ မလုပ်သင့်ပေ။ အမူအရာနှင့်ပဲ လိမ်လိမ် မုသားသည် မုသားသာ ဖြစ်ပါသည်။ အကယ်၍ Chatting ပေါ်တွင် မိမိ မပြောလိုသော ကိစ္စရပ်များအား မေးမြန်းလာသည့် အခါမျိုးတွင် လိမ်ညာပြောနေမည့်အစား မိမိ မပြောပြလိုကြောင်းကို ဖြူစင် ရိုးသားသော စိတ်ဖြင့် ပွင့်လင်းစွာ ဖွင့်ပြောသင့်ပေသည်။ ထိုအခါ မိမိ၏ ရိုးသား၊ ဖြောင့်မတ်မှု အတွက် တဖက်လူ၏ လေးစားခြင်းကိုပင် ရရှိလာပါလိမ့်မည်။ မိမိမှ အစပြု၍ လူသားအားလုံး မုသားမသုံးပဲ တည်ကြည်၊ ဖြောင့်မတ်အောင် ကြိုးစားအားထုတ် ကြမည်ဆိုလျှင် လူ့ဘောင် လူ့လောကကြီး တစ်ခုလုံး အစဉ်ထာဝရ လှပတင့်တယ် ဖြောင့်မတ် မှန်ကန်၍ ကျက်သရေ ရှိုနေမည်မှာ မလွဲ ဧကန် ဖြစ်ပေတော့သည်။

ပုလဲ ပေးပို့တာပါ။

မှတ်ချက်။   ။ ကိုယ်တိုင်ကျင့်ဖို့တော့တော်တော်ခက်ပါတယ်ဗျာ။🙂🙂🙂

13 Responses

  1. စန်ဒါ ဆိုတာ ဘယ်သူ လဲဟင်
    မုသားကင်းတဲ့သူမရှိဘူးထင်တာပဲ
    ဒါကြောင့် မုသားတော့မကင်းနိုင်ဘူး

    • စန္ဒာ ဆိုတာက ကျွန်တော်သူငယ်ချင်းပါ… ပုခုက္ကူ ကပေါ့…. ကျွန်တော်တို့ မိတ်ဆွေဟောင်း မစန္ဒာ မဟုတ်ပါဘူး။

  2. Do you have a plan to change religious life ? You two have sense of buddhism.Good luck.

    • ဘာဖြစ်လို့များလဲ မသိဘူးနော်။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင်ပါဗျာ။

    • religious life???
      လောလောဆယ်တော့ နိုးပဲ….. နောက်တော့ မပြောတတ်….

  3. love has art of prehending. Is it a crime? White lie comes from heart. avoiding lie is under buddha. I am under humaniation. Is it needed not to lie?

    • ညီမလေးလည်းကြားဖူးမှာ ပါ…
      ရဟန်းတစ်ပါး သစ်ပင်ရိပ်အောက်မှာ နားနေတုန်း သူခိုးတစ်ယောက်က ရှေ့ကနေဖြတ်ပြေးသွားတယ်… ခဏကြာတော့ သူခိုးနောက်ကနေ လူတွေလိုက်လာပြီး ရှင်ရဟန်းကို မေးတယ်… သူခိုးဘယ်ဘက်ကိုပြေးသွားသလဲပေါ့.. အဲဒီမှာ ရှင်ရဟန်းက စဉ်းစားတယ်လေ.. သူအမှန်အတိုင်းပြောလိုက်ရင်လည်း သူခိုးသေမယ်… အမှန်အတိုင်းကမပြောလို့ကလည်းမဖြစ်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ ဆိုတော့ ထိုင်နေရာကနေထလိုက်တယ်.. နောက် နှစ်လှမ်းသုံးလှမ်းကြွလိုက်ပြီး ပြန်ဖြေလိုက်တယ်… ´ဒီနေရာကနေ မမြင်လိုက်ပါဘူး´ တဲ့…. ။ အမတို့လည် း ဒီနည်းကို အတုယူပြီး ကျင့်သုံးနိုင်ရင် ကောင်းတာပေါ့.. နော်ရယ် ။

      • ယုန်ကလေး နှာစေးနေတယ်ဆိုတာမျိုးပေါ့နော်….

  4. တစ်ခုလောက်မေးပါရစေ…
    ဗောဇ္ဈင် ခုနစ်ပါးဆိုတာဘာကိုပြောတာလဲ….
    ဒါနနဲ့စာဂ ဘာကွာလဲ…

    • ဟုတ်ကဲ့..ဗောဇ္ဈင် ခုနစ်ပါး အကြောင်းကို သေချာရှင်းပြထားပေးပါတယ် ခင်ဗျာ။
      ဒါန ပေးကမ်းခြင်း၊ စာဂ စွန့်ကျဲခြင်း လို့ ကျမ်းဂန်တွေထဲမှာ ဖော်ပြထားပါတယ်။
      အခုလိုလာလည်တဲ့အတွက် ကျေးဇူပဲဗျာ။ နောင်လည် အားရင် လာလည်ပါဦးနော်…..🙂🙂🙂

    • ညီမလေးရေ..
      ဒါနဆိုတဲ့ လှုဒါန်းခြင်းမှာ ကိုယ်လက်အဂါင်္ကို စွန့်လွှတ်လှုဒါန်းခြင်းမပါပါဘူး…
      စာဂ မှာတော့ ကိုယ်လက်အဂါင်္ကိုစွန့်လွှတ်လှုဒါန်းခြင်းဆိုတာ ပါပါတယ်….လို့ မှတ်သားဖူးတယ်…။
      နောက်လည်း လာလည်ပါနော်… လိုအပ်တာလေးတွေ ရှိရင်လည်း အကြံပေးပေါ့…

  5. မလုပ်နိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောလည်း ရပါတယ်ဗျာ..:P:P:P

    • ကျွန်တော်လည်း လုပ်နိုင်တယ်လို့ မပြောပါဘူး….ဗျ…..:P😛😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: