မေတ္တာ

မာတာ ယထာ နိယံပုတ္တ၊ မာရယုသာ ဧက ပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အ ပရိမာဏံ။ မာတာ၊ မြင်းမိုရ်ထိပ်ဦး၊ မကကျူးသည့်၊ ကျေးဇူးဂုဏ်ရှင်၊ မွေးမိခင်သည်။ နိယံပုတ္တံ၊ မိမိရင်နှစ်၊ သားရင်းဖြစ်သော။ ဧက ပုတ္တံ၊ အရေထူ အရေပါး၊ အသားကိုဖောက် အစိုးရောက်အောင်၊ မြားမြောက်ခင်တွယ်၊ တစ်ယောက်တည်းသော သားငယ်ကို။ အာယုသာ၊ ဇိဝိန်အသက်၊ ယင်းအတွက်ကြောင့်။ အနုရက္ခေယထာ၊ နို့ချိုတိုက်ကျွေး၊ ပိုက်ထွေးယုယ၊ ဘေးမခအောင်၊ နေ့ညမကွေ၊ စောင့်ရှောက်လေသကဲ့သိုု့၊ ဧဝမ္ပိ တထာ၊ ပမာမခြား၊ ထိုအလားလျှင်။ သဗ္ဗဘူတေသု၊ ခပ်သိမ်းရှိသမျှ၊ သတ္တဝါအနန္တတို့၌။ အ ပရိမာဏံ၊ အတိုင်းအရှည်ကင်းပ၊ များပြားလှသော၊ မာနသံ၊ တွေတွေယိုဖိတ်၊ မေတ္တာစိတ်ကို၊ ဘာဝယေ၊ ပွားစေရာ၏။

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁)

မြတ်ဗုဒ္ဓ ၄၄ ဝါပြည့်ပြီး ၄၅ဝါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏ သရက်တောဥယျာဉ်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့၏။ အမ္ဗပါလီအမျိုးကောင်းသမီးက..မြတ်ဗုဒ္ဓအား သရက်တောဥယျာဉ်ကြီးနှင့်တကွ သရက်တောကျောင်းတိုက်ကိုပါ..လှူဒါန်းခဲ့လေသည်။ ထိုကျောင်းတိုက်မှ ခရီးဒေသစာရီကြွချီတော်မူရန် မြတ်ဗုဒ္ဓက အရှင်အာနန္ဒာအား.. ငါဘုရား၏ထံတော်ပါး၌ ခစားလိမ္မာ အိုချစ်သား အာနန္ဒာ.. “အကြင်အရပ်၌ ဝေဠုဝရွာငယ်သည် ရှိ၏။ ဝေဠုဝအမည်ရှိသော ထိုရွာငယ်ဆီသို့ သွားကြကုန်စို့” ဟု မိန့်တော်မူ၏။ အရှင်အာနန္ဒာကလည်း… “ဘုန်းတော်ခြောက်စုံ တန်းခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ကောင်းလှပါပြီ” ဟု ဝန်ခံတော်မူ၏။ ထို့နောက် သံဃာတော် (၅၀၀)နှင့်တကွ ခြံရံလျက် အမ္ဗပါလီသရက်တောကျောင်းတိုက်မှ ဝေဠုဝရွာငယ်လေး ဆီသို့ ခရီးဒေသစာရီကြွချီတော်မူခဲ့၏။ ဝါဆိုခါနီး ထိုရွာငယ်လေးသို့ ရောက်ရှိခဲ့လေ၏။ ဝေဠုဝရွာလေးမှာ ရွာသိမ်ရွာငယ်လေးပင် ဖြစ်၏။ [...]

သူတော်ကောင်းနှင့် သူယုတ်မာ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သူယုတ်မာတို့၏ အခြေခံသဘောကို လည်းကောင်း၊ သူတော်ကောင်းတို့၏ အခြေခံသဘောကို လည်းကောင်း၊ ဤသို့ဟော ကြားတော်မူ၏။ ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကိုမသိ၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိ၊ ရဟန်းတို့၊ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုမသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်း။ ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသော သူ့ကျေးဇူးကိုသိ၏၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိ၏၊ ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။ ကောလိတ၊ သမစိတ္တဝဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်

Follow

Get every new post delivered to your Inbox.