“သင်ဟာ အသိဥာဏ်များလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ် ။ ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာများလည်း ပြည့်စုံကောင်း ပြည့်စုံနေမယ်။ အရွယ်ကြီးလို့ ဆံပင်များလည်း ဖြူကောင်း ဖြူနေမယ်။ သို့သော် ထိမ်းမြားလက်ထပ်ခြင်း မပြုရသေးသမျှ လူလားမမြောက်သေး” တဲ့။ ပတ်ဝန်းကျင်မှာ သတိထားမိခဲ့တဲ့ ဇနီးမောင်နှံနှစ်မျိုးအကြောင်းကို အရင်ပြောချင်တယ်။
(၁) သဲသဲကွဲကွဲ ဇနီးမောင်နှံနဲ့
(၂) မသဲမကွဲ ဇနီးမောင်နှံတို့အကြောင်းပါ။
သဲသဲကွဲကွဲ ဇနီးမောင်နှံဆိုတာ `မျက်စိအောက်က ပျောက်မှာပင် လွန်စိုးတယ်´ ဆိုတဲ့ စိတ်ကူးယဉ် စကားကို ဘ၀လမ်းညွှန်ထင်ပြီး အဖြစ်သည်းလိုက်နာကြတဲ့ ဇနီးမောင်နှံမျိုးကို ပြောတာ…. အလုပ်သွားတာ၊ ဈေးသွားတာမျိုးကို တောင် စိတ်မချနိုင်တာတို့၊ သူငယ်ချင်း အပေါင်းအသင်း ဟောင်းတွေ့လို့ တရင်းတနှီး နှုတ်ဆက် တာကိုတောင် မနာလို မရှုစိမ့်နိုင်တာတို့ ၊ မကျေမနပ် ပူကြဆူကြတာတို့ လုပ်နေတဲ့ ငြူငြူစူစူ အူတူတူဆိုတဲ့ စုံတွဲမျိုးပေါ့၊`စိတ်မချနိုင်ဘူး´ ဆိုတာ ဓမ္မဓိဌာန် ကျကျ ကောက်ချက်ချကြည့်ရင် အချင်းချင်း ယုံကြည်မှုမရှိတဲ့ သဘောပါပဲ။ နောက်ဆက်တွဲအနေနဲ့ ဒေါသ ကိလေသာ စိတ်ရိုင်း စိတ်ပူတွေ တသီကြီး ဖြစ်တတ်တာမို့ ဒီလိုစုံတွဲမျိုးဟာ မေတ္တာဗြဟ္မစိုရ်တရား ကင်းမဲ့တဲ့ ကိလေသာ စိတ်သက်သက်နဲ့ စုံတွဲမျိုးလို့ပဲ ဆိုရမှာပါ၊ ကိလေသာဆိုတဲ့သဘောက ပထမတော့ လိုလားတောင့်တမျှော်လင့်တယ်၊ မျှော်လင့်သလို ဖြစ်မလာတော့ ဒေါသတွေ၊ သောကတွေ၊ မနာလိုဝန်တိုတွေ ဖြစ်လာရတာ ဓမ္မတာပဲ….ကြာတော့ တဖြည်းဖြည်း စိတ်ဝမ်းတွေ ကွဲလွဲလာရင်း နောက်ဆုံး ဇနီးမောင်နှံ ကွဲကြတဲ့အထိ ရောက်ကြကုန်ရော၊ မျှော်လင့်ချက် တစ်ခုတည်းနဲ့ လက်တွဲသူ မှန်သမျှ ဒီလိုပဲ၊ အစမှာတော့ သည်းကြတယ်၊ နောက်တော့ ကွဲကြတာပဲ၊ မြတ်စွာဘုရား ဟောကြားတာက `မေတ္တာသိနေဟ´ မေတ္တာဆိုတာ ခိုင်မြဲအောင် တွဲကပ်ပေးတဲ့ အစေးဓာတ်တဲ့။ ဒီအစေးဓာတ်မပါရင် ကြာကြာမတွဲနိုင်ဘူး၊ ကွဲတတ်တာပဲ၊ ခု ကာလစကားနဲ့ဆိုရင် ဒီလိုစုံတွဲမျိုးကို ရွှေရည်စိမ်စုံတွဲ၊ ဆေးဆိုးပန်းရိုက်စုံတွဲ၊ ဒါမှ မဟုတ် `အင်တွဲ´တွေလို့များ ပြောရမလားပဲ။ ထိမ်းမြားလက်ထက် တယ်ဆိုတာ လူလားမြောက်ပါပြီလို့ ကြွေးကြော်ပြီး လောကဓံကို စိန်ခေါ်လိုက်တာဖြစ်လို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်နေဖို့ အချိန်မဟုတ်တော့ဘူးနော်… ဘ၀တစ်သက်တာကို ရည်မှန်းပြီး နှစ်ကိုယ့်တစ်စိတ်နဲ့ အတူလက်တွဲရင်း လောကဓံတိုက်ပွဲကို ရင်ဆိုင်ဖို့ ခြေလှမ်းစ ကြတာ… ၀မ်းသမုဒ္ဒရာ မခန်းခြောက်ရအောင် အူသိမ်အူမဆိုတဲ့ မြစ်ချောင်းတွေ မှန်မှန် စီးဆင်းနိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားခြင်းဆိုတဲ့ မိုးလေ၀သမှန်ကန်ဖို့ အဓိကထားရမယ့် အချိန်ရောက်ပြီ ….ဒီလိုခံယူချက်မျိုးရှိကြတဲ့ ဇနီးမောင်နှံဆိုတာ မူလကတည်းက ဘ၀ တစ်သက်တာ အတွက် တူညီတဲ့ ခံယူချက်တွေ၊ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ လက်တွခဲ့ကြတာ ဖြစ်လို့ အဖြစ်မသည်းကြတော့ဘူး …. နားလည်နိုင်စွမ်း ၊ ခွင့်လွှတ်နိုင်စွမ်း ရှိကြတယ်… ဘ၀ တစ်သက်တာအထိ အပြန်အလှန်အကျိုးလိုလားတဲ့ မေတ္တာအစေးဓာတ်နဲ့ တွယ်ကပ်ထားတာ ဖြစ်လို့၊ စိတ်မချတာတို့ မနာလိုဝန်တိုဖြစ်တာတို့ဆိုတဲ့ ကိလေသာ အပူဓာတ်လည်း မပြင်းထန် ကြတော့ဘူး …. တချို့ငယ်ပေါင်း ဇနီးမောင်နှံတွေ ဆိုရင် ပြောသံ ဆိုသံမှာ နင် – ငါ – ဟေ့ – ဟဲ့ ဆိုတဲ့အသံတွေ လွှမ်းနေတတ်ကြလို့ နဘေးက ကြားရသူတွေက ဟုတ်မှ ဟုတ်ပါ့မလားလို့တောင် ထင်ရတယ်။ ဟန်ဆောင်တာ အဖြစ်သည်းတာတွေ မပါတော့ ပြောသံဆိုသံကလည်း မပြစ်ချွဲတော့ ဘူးပေါ့ … သူတို့ အဖြစ်မသည်းတာကို ကြည့်ပြီး အချစ်နည်းတယ်လို့ မထင်လိုက်လေနဲ့။ ယုံကြည်စိတ်ချလို့ အနည်ထိုင်ပြီး အချစ်မြဲသွားကြတာ။ အနည်ထိုင်တယ်ဆိုလို့ အသားသေပြီး အေးစက်မာခဲသွားတယ်လည်း မထင်လေနဲ့၊ မဟုတ်ဘူး၊ ရှင်သန်နေတဲ့ အနှစ်လိုပဲ မာပေမယ့် မခဲဘူး…. အမြဲကြီးထွားနေတာ … ပင်စည်နဲ့ လိုက်ဖက်အောင် အနှစ်က ကြီးထွားနေလိုက်တာ … ဒါကြောင့်လည်း သားသမီးတွေကနေ မြေးတွေမြစ်တွေအထိ အသိုက်အအုံကြီးလာလေလေ သူတို့ မေတ္တာဓာတ်က ကြီးမားကျယ်ပြန့်လာလေ ဖြစ်နေကြတာပေါ့ ….. လူလားမြောက်ပြီးကြတဲ့ ဇနီး မောင်နှံ တို့အနေနဲ့ ရာသက်ပိုင်ခိုင်မြဲရေးမှာ အချင်းချင်း ယုံကြည်စိတ်ချမှုဟာ အဓိကဖြစ်တဲ့အတွက် အချင်းချင်းယုံကြည်လောက်တဲ့ ကိုယ်ကျင့်တရားကို အခိုင်အမာ စောင့်စည်းတည်ဆောက်ကြပြီး ထမ်းဆောင်ရမည့် မင်္ဂလာတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ မင်္ဂလာဆောင်သူ စစ်စစ်များဖြစ်အောင် ကြိုးစားကြပါ ….အဲလိုမဟုတ်ရင်တော့ မင်္ဂလာဆောင်ကြသူတွေ မဖြစ်ဘဲ အိမ်ထောင်ကျသူတွေပဲ ဖြစ်သွားလိမ့်မယ်…. ထောင်ဆိုတာ တာဝန်မဲ့သူ၊ စည်းကမ်းဥပဒေ ချိုးဖောက်သူတွေ ကျရောက်ရမယ့် လွတ်လပ်ပျော်ရွှင်မှုအားလုံး ဆိတ်သုဉ်းရာ အကျဉ်းစခန်းကြီး ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပဲ … အိမ်ထောင်ဆိုတာကလည်း မိသားစုတာဝန်ပျက်ကွက်သူ၊ ကိုယ်ကျင့်တရားချိုးဖောက်သူတွေ ကျရောက်နေရတဲ့ လွတ်လပ်ပျော်ရွှင်မှုတို့ ဆိတ်သုဉ်းရာ နေရာ ကို ခေါ်တာပါ … ကိုယ့်ကျင့်တရား ခိုင်မာသူ၊ တာဝန်ကျေသူတို့အတွက်တော့ ကောင်းကျိုးချမ်းသာ ကျက်သရေ မင်္ဂလာအတိပြီးတဲ့ ပျော်ရွှင်စရာ သီရိဂေဟာကြီး ဖြစ်ကြမှာပါ …. ဒီလို အခိုင်အမာ ယုံကြည်လက်ခံကြပြီး မင်္ဂလာတွေ မပြတ်ဆောင်နိုင်ကြတဲ့ ဇနီးမောင်နှံများ ဖြစ်နိုင်ကြပါစေ ….။
ကျမ်းကိုး။ ခိုင်ခိုင်မြဲမြဲ မင်္ဂလာ [ဓမ္မဘေရီ အရှင် ၀ီရိယ (တောင်စွန်း)]
Filed under: မှတ်သားဖွယ်ရာများ

